တရုတ်က လေတပ်အင်အား ပြသနေချိန်၌ ထိုင်ဝမ်တွင် စစ်မှုမထမ်းမနေရသက်တမ်း တိုးမြှင့်မည်

တရုတ်က လေတပ်အင်အား ပြသနေချိန်၌ ထိုင်ဝမ်တွင် စစ်မှုမထမ်းမနေရသက်တမ်း တိုးမြှင့်မည်

ထိုင်ဝမ်သည် တရုတ်၏စစ်ရေးဖိအားကို ရင်ဆိုင်နေချိန်တွင် စစ်မှုမထမ်းမနေရသက်တမ်းကို လက်ရှိသတ်မှတ် ထားသည့် ၄ လမှ ၁ နှစ်အထိ တိုးမြှင့်မည့်အစီအစဉ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာလိမ့်မည်ဟု အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောသည်။

သမ္မတစိုင်အင်ဝမ်က ယေဘုယျ အရပ်သားကာကွယ်ရေးစီမံချက်သစ်များဆိုင်ရာ သတင်းညီလာအပြီး အရပ်ဘက်ဆိုင်ရာ အထွေထွေကာကွယ်ရေးအတွက် တပ်အင်အားဖြည့်ဆည်းမှုအားဆွေးနွေးရန် ဒီဇင်ဘာ ၂၇ ရက်၌ နိုင်ငံတော်လုံခြုံရေးအစည်းအဝေးခေါ်ယူမည်ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်လုံခြုံရေးကောင်စီမှ အဆင့်မြင့်အရာရှိများ အပါအဝင် ဆိုင်အင်ဝမ်၏လုံခြုံရေးအဖွဲ့သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများ တိုးပွားလာနေချိန်၌ ထိုင်ဝမ်၏ စစ်ရေးစနစ်ကို ၂၀၂၀ ခုနှစ်ကတည်းက ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း အရာရှိက ပြောသည်။

အဆိုပါ စစ်မှုမထမ်းမနေရစနစ်သည် အစီအစဉ်အရ ၂၀၂၄ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး စစ်သည် များသည် သေနတ်ပစ်လေ့ကျင့်မှုနှင့် အမေရိကန်တပ်ဖွဲ့များအသုံးပြုသော တိုက်ခိုက်ရေး ညွှန်ကြားချက်များ အပါအဝင် ပိုမိုပြင်းထန်သော လေ့ကျင့်မှုကို ခံယူရမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

စစ်မှုထမ်းများသည် အဓိကကျသော အခြေခံအဆောက်အဦများကို စောင့်ကြပ်ရမည်ဖြစ်ကာ တရုတ်က ကျူးကျော်ရန် အားထုတ်လာသည့်အခါ ပုံမှန်တပ်ဖွဲ့များကို ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်စေမည်ဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ်သည် စစ်မှုမထမ်းမနေရစနစ်မှ စေတနာအလျောက်တာဝန်ထမ်းဆောင်သော ကျွမ်းကျင်တပ်ဖွဲ့အဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့သော်လည်း တရုတ်က ထိုင်ဝမ်ကို ၎င်းပိုင်ဆိုင်မှုအဖြစ် အခိုင်အမာ

ပြောဆိုလာမှုနှင့် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုတို့က ကာကွယ်ရေးကို မြှင့်တင်ရန် ဆွေးနွေး ငြင်းခုံမှုများဖြစ်လာစေသည်။

ထိုင်ဝမ်နှင့်တရုတ်အကြား တင်းမာမှုများ လျော့ကျချိန်က အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီနှင့် အဓိကအတိုက်အခံ ကူမင်တန်ပါတီအောက်မှ ယခင်အစိုးရအဆက်ဆက်သည် လူငယ်မဲပေးသူများကို ကျေနပ်စေရန် အမျိုးသားများအတွက် စစ်မှုမထမ်းမနေရသက်တမ်းကို ၂ နှစ်ကျော်မှ ၄ လအထိ လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly