ဘုတလင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးမှုများပြား ဟုဆို

ဘုတလင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သေဆုံးမှုများပြား ဟုဆို

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားခဲ့ကြောင်း PDF Lion Ingar Budalin က ဒီဇင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းနေ့ ညနေ ၃နာရီခန့်တွင် ဘုတလင်မြို့နယ်အတွင်း တစ်နေရာတွင် ခွေး(စစ်ကောင်စီတပ်) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှုများပြားခဲ့ပြီး ကားနှစ်စီး အပြည့်ဖြင့် ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းသို့ ဝင်သွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိုင်းဆွဲတာမှာ အကျအဆုံးများပြီး စစ်ကားနှစ်စီးနဲ့ ဆေးရုံထဲကိုသယ်သွားတာ ၊ အဲဒါကို ပြည်သူတွေ ကြည့်မှာစိုးလို့ ဘုတလင်မြို့ထဲ တပ်ဖြန့်ပြီး လမ်းမပေါ်တွေမှာ သေနတ်တွေထောင်ဖောက်နေကြပြီး ပြည်သူတွေ အပြင်မထွက်ရဲအောင် လုပ်နေတယ်”ဟု PDF Lion Ingar Budalin တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အင်အား ၈၀ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲကာ အပြန်အလှန်ပစ်ခတ်ခဲ့ ပြီးနောက်

အထိနာသော စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို မီးရှို့သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကို မသိရသေးကြောင်းဆိုသည်။

တစ်နာရီကျော်ကြာဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲကို ဘုတလင် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ကျဆုံးမှုရှိပြီး အရေအတွက်အတည်ပြုနိုင် ခြင်းမရှိသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့ ရဲစခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၇ရက်တွင် ဘုတလင်မြို့ပေါ်၌ ယမန်နေ့ကကျဆုံးခဲ့သော စစ်ကောင်စီတပ်သားများအတွက် အမိန့်ပြန်တမ်းနှင့်အတူ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required