နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

နှစ်ဟောင်းလည်ပြန်၊ ၂၀၂၂ ခုနှစ် အရေးကြီး ဖြစ်ရပ်များ

မုန်တိုင်ပင်ရွာက စစ်ရာဇဝတ်မှု

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ကြရာတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် စစ်ကောင်စီတပ်ကို စစ်ရေးအရ အထိနာစေသည့် ဒေသများထဲတွင်ပါဝင်သည်။ စစ်ကောင်စီတပ်သားများကလည်း ဆိုးရွားလှသည့် အရက်စက်ဆုံး နည်းလမ်းများဖြင့် အရပ်သားများအပေါ် လက်ရောက်ကျူးလွန်ကြသည်။

စစ်ရာဇဝတ်မှုမြောက်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြခံရသည့်အမှုများထဲတွင် စစ်ကိုင်းတိုင်း ၊ရေဦးမြို့နယ်ရှိ မုန်တိုင်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်လူသတ်မှုကြီးလည်း ပါဝင်သည်။

၂၀၂၂ခုနှစ် မေလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း ၊ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာတွင် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက အမှတ်တရရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုများပါဝင်သည့် တယ်လီဖုန်း လမ်းပေါ်တွင်ကျကျန်ခဲ့သည်ကို ရွာသားတစ်ဦးကတွေ့ရှိပြီး RFA သတင်းဌာနသို့ ပေးပို့ခဲ့ရာက သတင်းဦးထွက်ပေါ်လာခြင်းဖြစ်ပြီး နောက်ဆက်တွဲများပါ အများသိလာရသည်။

အဆိုပါဖြစ်စဉ်တွင် လူသုံးဆယ်ကျော်ကို လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းထားသည့်နေရာမှာ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊မုန်တိုင်ပင်ရွာရှိ ဘုန်း‌တော်ကြီးကျောင်းတစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရပြီး အသတ်ခံရသူများ၏ အမည်စာရင်းများကို အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် ရွာသားတချို့က ထုတ်ဖော်ပြောကြားကြသည်။

မေလ ၁၀ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ထို့‌နောက် ယင်းနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးများပါပစ်ခတ်၍ ရွာထဲသို့ဝင်ရောက်လာသည်။ ထိုနေ့က တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်နှင့် အသက် ၂၅ အရွယ် ကိုရှိုင်းတို့ နှစ်ဦး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။

မေလ ၁၀ရက်နေ့တွင် စစ်ကောင်စီတပ်က ‌မုန်တိုင်ပင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ရွာသား ၁၀၀ကျော်ကို ဖမ်းဆီးလိုက်သည်။ဖမ်းဆီးခံရသူများထဲမှ အမျိုးသား ၃၀ကျော်ကို ကျေးရွာစာသင်ကျောင်းသို့ ခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုပ်၍ နံနက် ၁၀နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ဆောင်သွားကြသည်။ ယင်းနေ့ ညနေ ၅ နာရီအထိ PDF များနှင့်ပတ်သက်သည့် မေးခွန်းများ စစ်မေးကာ နှိပ်စက်ညှဥ်းပမ်းပြီးနောက် ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်ရှိ ရိပ်သာဆောင်၏ အခန်းတစ်ခုထဲတွင် ထည့်၍ သော့ပိတ်ထားခဲ့သည်။ မေလ ၁၁ ရက်နေ့ မနက် အစောပိုင်းတွင် ဖမ်းဆီးခံထားရသည့် အမျိုသား ၃၀ ကျော်ထဲမှ လူငယ် ၁၀ ဦးကို ခေါ်ဆောင်သွားကာ ရွာအရှေ့ဘက်ရှိ မူးမြစ်သို့ ပစ္စည်းများ သယ်ဆောင်ခိုင်းပြီး နောက်ဆုံးအခေါက်တွင် ဓါးဖြင့်ခုတ်၍ မီးရှို့သတ်ဖြတ်ခဲ့သွားကြခြင်းဖြစ်သည်။ ယင်းနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ကြသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ မုန်တိုင်ပင်ရွာမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ချုပ်နှောင်ခံထားရသူများ၏ အခန်းတံခါးသော့ကို ကိုရင်လေးတစ်ပါးက လာရောက်ဖွင့်လှစ်ပေးခဲ့သဖြင့် ချုပ်နှောင်ခံထားရသည့် ရွာသား ရှစ်ဦးမှာ အသက်မသေဘဲ လွတ်မြောက်လာခဲ့သည်။

မေလ ၁၃ရက်နေ့တွင် မုန်တိုင်ပင်ကျေးရွာ အနီးဝန်းကျင်၌ မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၂၇လောင်းကို ဒေသခံများက တွေ့ရှိကြရသည်။ ရွာတောင်ပိုင်းရှိ မီးရှို့ခံရသည့် လူနေအိမ်လေးလုံးအတွင်းမှ ရုပ်အလောင်း ၁၇လောင်းနှင့် ရွာအနီး အင်ပင်ကျေးရွာရှိ မီးရှို့ခံရသည့် လူနေတစ်လုံးပေါ်မှ ရုပ်အလောင်း ၁၀ လောင်းတို့ကို ရှာတွေ့ခဲ့ကြပြန်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုတစ်ခုတည်းမှာပင် မုန်တိုင်ပင် ရွာသား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရသည်။ သတ်ဖြတ်ခံထားရသူများတွင် အသက်အငယ်ဆုံး ၂၅ နှစ် မှ အသက်အကြီးဆုံး ၆၄ နှစ်အထိ ရွာသားများ ပါဝင်သည်။

မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းပြာပုံ နံဘေးတွင် နွားနဖားကြိုးအပိုင်းအစများကိုတွေ့ရသည်။ ဖမ်းဆီးခံရစဉ်က အင်္ကျီများဖြင့် လက်နောက်ပြန်ကြိုးတုပ်ခြင်းနှင့် နွားနဖားကြိုးများဖြင့် လက်ပြန်ကြိုးတုပ်နှောင်ကာ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်သွားသည့် ပုံစံများကို တွေ့ရသည်ဟု ကူညီရေးအဖွဲ့ တာဝန်ရှိသူတချို့က မှတ်ချက်ပြုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက "အိမ်များအားမီးရှို့ရာတွင် အစီအစဉ်တကျပုံစံဖြင့်မဟုတ်ဘဲ ကွက်ကျား ခြား၍ မီးရှို့မှုပုံစံဖြစ်သဖြင့် ကျေးရွာ တစ်ရွာလုံးအား မီးလောင်တိုက် သွင်းပြီး ရွာသားများအား အရှင်လတ်လတ် လက်ပြန်ကြိုးတုပ် မီးရှို့ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့အား ထောက်ခံသည့် ပျူစောထီးများသည် များပြားလှစွာသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် အထောက်အထားများအား ခိုင်မာစွာ ရရှိထားပြီး ဖြစ်ပါသည်"ဟု ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် မုန်တိုင်ပင်ရွာသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးနောက် ခုနစ်လအကြာ ဒီဇင်ဘာလအတွင်းတွင် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ကျော့ပြန် စစ်ကြောင်းထိုးခြင်း ၊နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၅၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူအချို့ကိုလည်း သတ်ဖြတ်ခဲ့သည်ဟုရေဦးမြို့နယ်် ပြည်သူ့လုံခြုံရေး အဖွဲ့၀င်တစ်ဦးက မဇ္ဈိမထံ သတင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly