ပြည်ကြီးတံခွန်မြို့နယ် မြ၀တီဘဏ်အစောင့် စစ်ကောင်စီတပ်သားများကို မြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးပစ်တိုက်ခိုက် 

ပြည်ကြီးတံခွန်မြို့နယ် မြ၀တီဘဏ်အစောင့် စစ်ကောင်စီတပ်သားများကို မြနန္ဒာစစ်ဆင်ရေးအဖြစ် ဗုံးပစ်တိုက်ခိုက် 

မန္တလေး(မဇ္ဈိမ) ။ ။  မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြ၀တီဘဏ်ရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများ ယနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာရသေဆုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။

“ဘဏ်ဘေးမှာ ကင်းတဲရှိတယ် ။ အဲဒါကို ဗုံးနဲ့ အုန်းခနဲထုသွားတာ စကစ(စစ်ကောင်စီတပ်သား)နှစ်ကောင်ထိတယ်လို့ လတ်တလော သိရတယ်” ဟု အခင်းဖြစ်ပွားရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ၁၁၅ လမ်းပေါ်ရှိ မြ၀တီဘဏ်တွင် အစောင့်ချထားသည့်စစ် ကောင်စီတပ်သားနှစ်ဦးကို မြနန္ဒာစစ်ဆင်ရေးအဖြစ် ယနေ့ ညနေ ၄  နာရီ ၅၀ မိနစ်တွင် ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအပြီးတွင် ဘဏ်အစောင့်စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပြောက်ကျားရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် မြနန္ဒာစစ်ဆင်ရေးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က အမရပူရမြို့နယ် ၊ နန်းတော်ရာစံပြကွက်သစ်ဓမ္မာရုံတွင် တပ်ချထားသည့် စစ်‌ကောင်စီတပ်ကို လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းကိုလည်းကောင်း၊  ဒီဇင်ဘာ ၂၅ ရက်တွင်လည်း  ပုသိမ်ကြီးမြို့နယ်တွင် မတ္တရာမြို့မှ NonCDM များအတွက် အစောင့်လိုက်လာသည့်စစ်ကောင်စီ၏ ယာဉ်တစ်စီးနှင့် ပြည်ကြီးတံခွန်မြို့နယ် အထက(၂၉)ကျောင်းအတွင်း တပ်စွဲထားသည့်စစ် ကောင်စီတပ်ကိုလည်းကောင်း ဗုံးပစ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သေးသည်။

ယနေ့ပြုလုပ်သည့် မြဝတီဘဏ် ဗုံးပစ်တိုက်ခိုက်သည့် စစ်‌ဆင်ရေးမှာ ငါးကြိမ်မြောက်စစ်ဆင်ရေးဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေးပြန်ကြားရေးဗျူရိုမှတာ၀န်ရှိသူက မဇ္စျိမသို့ပြောသည်။

စာတည်း။  ။ဖူးသိမ်ကျ

#မန္တလေး‌တိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required