တစ်နိုင်ငံလုံး၏ မြေပြင်လူဦးရေစာရင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်ပြိုင်တည်း ကောက်ယူမည်

တစ်နိုင်ငံလုံး၏ မြေပြင်လူဦးရေစာရင်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်ပြိုင်တည်း ကောက်ယူမည်

မဇ္ဈိမ။ ။  စစ်ကောင်စီက ပြုလုပ်မည့်၂၀၂၃ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ၂၀ရက်နေ့က  ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ၊တောင်ငူမြို့နယ်အတွင်း ပြုလုပ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲတွင် အသိပေးထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။

ယင်းမြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှုကို ၂၀၂၃ ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ရက် ၂၃ရက်အတွင်း ကောက်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

မဇ္ဈိမက လက်ခံရရှိထားသည့် စစ်ကောင်စီ၏ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်သွားရန် ရေးသားဖော်ပြထားသည်။

၂၀၂၂ခုနှစ် အစောပိုင်းကလည်း ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အပါအဝင် မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက ရပ်ကွက်အတွင်း နေထိုင်သည့် လူဦးရေစာရင်းကို သန်းခေါင်စာရင်းပုံစံစာရွက်ဖြင့် တစ်အိမ်တက်ဆင်း လိုက်လံပေးဝေကာ ရုံးသို့ပြန်လည်ပေးပို့ရန် ဆော်ဩခဲ့သေးသည်။

"သူတို့လာပေးတာတော့ သန်းခေါင်စာရင်းပုံစံစာရွက်အတိုင်းပဲ။ ဖြည့်ပြီးတော့ ရပ်ကွက်ရုံးကို လာပို့ခိုင်းတယ်။ ကျွန်တော်တို့တော့ သွားမပို့ဖြစ်ဘူး။ နောက်ပိုင်းတော့ ဘာသံမှ မကြားရတော့ပြန်ဘူး"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ
ဒေသခံတစ်ဦးက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် မဇ္ဈိမကို ‌ပြောသည်။

လက်ရှိတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အလိုက် သင်တန်း‌ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီ၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌  မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ အခြေခံလူဦးရေစာရင်း ထပ်နေမှုများကို အပြန်အလှန်စစ်ဆေးခြင်း(Cross Check) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။    ။ဖူးသိမ်ကျ

#သန်းခေါင်စာရင်း
#စစ်ကောင်စီ 
#ရွေးကောက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required