ရခိုင်စစ်ရှောင်တွေကို AA က နေရပ်ပြန်ခွင့်မပေးဟု သတင်းမှား ဖြန့်ဝေမှုရှိနေ

ရခိုင်စစ်ရှောင်တွေကို AA က နေရပ်ပြန်ခွင့်မပေးဟု သတင်းမှား ဖြန့်ဝေမှုရှိနေ

မဇ္ဈိမ ။    ။ အပစ်ရပ်ထားသည့် ကာလအတွင်း  နေရပ်ပြန်လိုသည့်  ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို  ရက္ခိုင့်တပ်တော် (AA)က နေရပ် မပြန်ရဟု အကြပ်ကိုင်သည့် ဖြစ်စဉ်မျိုးရှိနေသည်ဟူသော သတင်းမှား ပျံ့နှံ့နေသည်။ 

"Western 24 news" အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ စတင်၍ "ရခိုင်က စစ်ဘေးရှောင်များ နေရပ်ပြန်ချင်သော်လည်း AA အဖွဲ့မှ ၎င်းတိုအား အကြပ်ကိုင်ခိုင်းနေ၍ ပြန်မရဖြစ်နေ" ဟုရေးသားဖြန့်ဝေထားသည်။ ထိုအကြောင်းမှာ စစ်တပ်နှင့် ဆက်စပ်သည့် တယ်လီဂရမ် ငါးခုတွင် ပျံ့နှံ့ခဲ့ပြီး ဖတ်ရှု့သူဦးရေ  ၆,၀၀၀ ကျော်နေပြီဖြစ်သည်။ 

သတင်းတုတွင် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားရွာ စစ်ရှောင်စခန်းတွင် ခိုလှုံ့နေသူသည်  ULA/AA မှ နယ်မြေမှူးက ၎င်းအား နေရပ်မပြန်ရန် လာရောက်အကြပ်ကိုင်ကြောင်း ဆိုထားသည်။ 

 ထိုအကြောင်းနှင့် ပတ်သက်၍ ရခိုင်အခြေစိုက်မီဒီယာဖြစ်သည့် နိရဥ္စရာ မှ  ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်း နှင့် ဘူးသီးတောင်မြို့နယ် ရန်အောင်မြေ စစ်ဘေးရှောင်တာဝန်ခံ ဦးအောင်သိန်းလှအား မေးမြန်းထားသည်ကို မဇ္ဈိမ၏ အချက်အလက် စစ်ဆေးချက်များအရ သိရသည်။ 

ဦးအောင်ကျော်ဝင်းမှ စစ်ရှောင်များ နေရပ်ပြန်ရန်မလွယ်သေးကြောင်း စားနပ်ရိက္ခာအကြပ်အတည်း၊ မိုင်းအန္တရာယ်နှင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ခြင်းကြောင့် ပြန်ရန်စိတ်ကူးမရှိခြင်း ဟုဆိုသည်။ 

တဖန် ဦးအောင်သိန်းလှကလည်း ဘဝပြန်လည်ထူထောင်ရေး၊ စစ်ကောင်စီမှ တပ်စွဲထားခြင်းနှင့် မိုင်းအန္တရာယ်များကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းဆိုသည်။

သတင်းလင့် - https://bit.ly/3YRPxti

မဇ္ဈိမ မှ ကျောက်တော်မြို့နယ် စစ်ရှောင်စခန်းတွင် ရောက်ရှိနေသူတစ်ဦးကို မေးမြန်းရာ "AA ကပြန်မလား၊ မပြန်ဘူးလားဆိုတာမျိူးကိုတော့ မေးပါတယ်။ ဒီလောက်ပါပဲ။ ကိုယ့်ပြည်ကိုယ်ရွာ ပြန်ဖို့ အနီးတစ်ဝိုက်မှာ မိုင်းတွေရှိ ဘယ်လိုပြန်နိုင်မလဲ။ AA က အတင်းမပြန်ခိုင်းတာမျိူးမရှိပါဘူး" ဟု ဆိုသည်။ 

မဇ္ဈိမက  ရက္ခိုင့်တပ်တော် ပြောခွင့်ရဖြစ်သူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက  ဖြေကြားခြင်းမရှိပေ။ 

ထို့ကြောင့်  နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်တွင် အပစ်ရပ်ထားပြီးနောက်ပိုင်း စစ်ရှောင်များကို AA မှအတင်းအကြပ်မပြန်ခိုင်းခြင်းမှာ သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

#Misinformation_Buster
#Fake_News
#AA
#စစ်ရှောင်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required