ဒရုန်းဖြင့် ဗုံးကြဲခြင်းကို စစ်ကောင်စီတပ်ဖွဲ့များ တုန်လှုပ်ခြောက်ခြားနေသည်ဟု NUG ဝန်ကြီးပြော

ဒရုန်းဖြင့် ဗုံးကြဲခြင်းကို စစ်ကောင်စီတပ်ဖွဲ့များ တုန်လှုပ်ခြောက်ခြားနေသည်ဟု NUG ဝန်ကြီးပြော

ဒီဇင်ဘာလ ၂၇ ရက်

ဒရုန်းဖြင့် ဗုံးကြဲခြင်းကို စစ်ကောင်စီတပ်ဖွဲ့များ တုန်လှုပ်ခြောက်ခြားနေသည်ဟု NUG ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

" ကျွန်တော်တို့ရဲ့ စစ်ကြောင်းတွေမှာ ဒရုန်းတွေပါလာတော့ ရန်သူတွေက သူတို့မကြုံဖူးတဲ့ တိုက်ပွဲမျိုးကို ကြုံရတယ်။ ဒရုန်းဆိုတာ သူတို့ဘဝမှာ တခါမှမကြုံဘူးတဲ့ ပစ္စည်းဖြစ်နေတယ်။ သူတို့ကပဲ အမြဲတမ်းလေကြောင်းကနေ တိုက်နေတဲ့အချိန်မှာ အခုခါမှာ ကျွန်တော်တို့ရဲ့ လေကြောင်းလို့ ပြောလို့ရတဲ့ ဒရုန်းတွေက သူတို့ရဲ့ စခန်းတွေပေါ် သူတို့ရဲ့ ဘန်ကာတွေပေါ် သူတို့ရဲ့ မြောင်းတွေထဲကို ပစ်ချနိုင်ဖို့ ဒရုန်းတွေနဲ့ ပစ်မှတ်ကို တိတိကျကျကျကို ချနိုင်တဲ့အနေအထားကို တွေ့ရတယ်။ အဲ့ဒီလို ပစ်နိုင်တော့ ရန်သူဘက်က တုန်လှုပ်ခြောက်ခြားမှု ဖြစ်တယ်" ဟု ဦးထင်လင်းအောင်က ပြောသည်။

နွေဦးတော်လှန်ရေးစတင်စဉ်ကပင် ဒရုန်းတပ်ဖွဲ့များကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အတွေ့အကြုံ ဖြတ်သန်းမှုများရှိလာပြီးနောက်တွင် အကောင်းဆုံးအနေအထားသို့ ဖြတ်သန်းနေသည့် အခြေအနေကို ရောက်ရှိလာပြီဟု ဦးထင်လင်းအောင်က ဆိုသည်။

" အမှားတွေကနေ အတွေ့အကြုံယူပြီးတော့ ဒရုန်းတွေက ရန်သူရဲ့အတားအဆီးတွေကို ဘယ်လိုဖြတ်သန်းရမလဲ ဘယ်လိုနည်းပညာတွေနဲ့ ကျော်ဖြတ်ရမလဲဆိုတာကို လုပ်ကိုင်ပြီးတော့ အခုချိန်မှာတော့ တိုက်ပွဲဝင်နိုင်တဲ့ အနေအထားကို ရောက်နေပြီ" ဟု ဝန်ကြီးက ပြောသည်။

ဒရုန်းစွမ်းရည်ကြောင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူများ၊ လက်နက်ချလာသူ အများအပြားရှိပြီး စစ်ကောင်စီက တားဆီးမည့်အခြေအနေများကိုလည်း ကျော်လွှားနိုင်ရန် လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ဦးထင်လင်းအောင်က ပြောသည်။

" မကြာခင်ကာလမှာလည်း ဒါ့ထက်ပိုကောင်းတဲ့၊ ဒါ့ထက်ပိုထိရောက်တဲ့ ဒရုန်းတွေကို သုံးမယ့်အ နေအထားတွေ လုပ်ဆောင်ထားပြီးပါပြီ" ဟု ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ကရင်ပြည်နယ်တွင် Federal Wings အမည်ဖြင့် NUG ဒရုန်းတပ်ဖွဲ့ရှိကာ တိုက်ပွဲပေါင်းများစွာ ဝင်ထားကြောင်း၊ လက်ရှိတွင် နေရာအနှံ့အပြားတွင်ရောက်ရှိကာ တိုက်ပွဲဝင်တော့မည်ကို မြင်တွေ့ရမည်ဟု ဦးထင်လင်းအောင်က ပြောသည်။

" နေရာတော်တော်များများမှာ မြင်တွေ့ရမယ်ဆိုတာ လူထုကို အသိပေးလိုပါတယ်။ ဒါတွေကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့က လူထုရဲ့ထောက်ပံ့မှုအင်အားလည်း လိုပါတယ်" ဟု ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

လက်ရှိတွင် NUG လက်အောက်ခံ Federal Wings အဖွဲ့က နွေဦးအောင်လံ လွှင့်တင်ဖို့ Federal Drones တွေ ဝဲပျံစို့ ဟူသည့် ကမ်ပိန်းကို ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်ပြည်နယ်ရှိ တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစ်စီးအား ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly