ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများ ထူပြောနေ၍ ကုန်သည်များ စိုးရိမ်ထိတ်လန့်နေ

By Devdiscourse
26 December 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများ ထူပြောနေ၍ ကုန်သည်များ စိုးရိမ်ထိတ်လန့်နေ

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီက လွှမ်းမိုးသည့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရှိ စီးပွားရေး လုပ်ငန်းအသိုင်းအဝိုင်းသည် ပြည်နယ်၌ ပြန်ပေးဆွဲမှုများနှင့် ခြိမ်းခြောက်ငွေညှစ်မှုများ ဖြစ်ပွားနေခြင်းအပေါ် စိုးရိမ်ထိတ်လန့်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

ယခုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အစည်းအဝေးတစ်ရပ် ခေါ်ယူရန် PTI ပါတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို အင်ဆက်ဖ် ကုန်သည်များအသင်း (ITW) မှ ကုန်သည်များက တိုက်တွန်းထားသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ထိုကဲ့သို့သော ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်နယ်ရှိ အဆင့်အမြင့်ဆုံး အစိုးရအရာရှိများထံ အသိပေးတင်ပြထားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ကုန်သည်များက ပြောသည်။

“အထူးသဖြင့် ပက်ရှာဝါမြို့ အပါအဝင် ခိုင်ဘာ ပက်ခ်တွန်ခဝါမှာ ပြန်ပေးဆွဲမှုတွေနဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေ ပြန်လည် စတင်ပေါ်ပေါက်နေတာနဲ့ပတ်သက်လို့ လူကြီးမင်းအနေနဲ့ အလေးထားအာရုံစိုက်ပေးဖို့ ပန်ကြား ပါတယ်” ဟု ရေးထားသည့် ဒီဇင်ဘာ ၁၂ ရက် ရက်စွဲတပ် ITW ၏ စာတစ်စောင်ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

အဝါမီ အမျိုးသားပါတီမှ အထက်လွှတ်တော်အမတ် ဟိုင်ဒါယတ် အူလာ နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဟာဂျီ မိုဟာမက် ဂျာဗက်တို့၏ နေအိမ်များလည်း ပစ်မှတ်ထားခံခဲ့ရကြောင်း ထိုစာထဲတွင် ဖော်ပြထားသည်။

အာဏာပိုင်များထံ ပေးပို့သည့် ထိုစာကို ITW ၏ ခေါင်းဆောင် အာတစ်ဖ် ဟယ်လင်းမ်က လက်မှတ် ထိုးထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required