ပါကစ္စတန်နိုင်ငံသည် အကျပ်အတည်းဒုက္ခအောက်ကျရောက်နေကြောင်း ဝန်ကြီးချုပ်ဟောင်း သတိပေး

ပါကစ္စတန်နိုင်ငံသည် အကျပ်အတည်းဒုက္ခအောက်ကျရောက်နေကြောင်း ဝန်ကြီးချုပ်ဟောင်း သတိပေး

ပါကစ္စတန်နိုင်ငံသည် လက်ရှိအချိန်တွင် အကျပ်အတည်းဒုက္ခအောက် ကျရောက်နေကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဒီဇင်ဘာ ၁၇ ရက်တွင် သတိပေးသည်။ ရွေးကောက်ပွဲအသစ်များ ကျင်းပနိုင်ရန် ပန်ဂျပ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တို့ရှိ PTI (ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ) အစိုးရများအနေဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် ပြည်နယ်လွှတ်တော်များကို ဖျက်သိမ်းလိမ့်မည်ဖြစ်ကြောင်း ၎င်းက ကြေညာသည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မကျင်းပမချင်း ပါကစ္စတန်နိုင်ငံဟာ အကျပ်အတည်း ဒုက္ခအောက် ကျရောက်နေမှာကို ကျွန်တော်တို့အားလုံး စိုးရိမ်နေမိပါတယ်” ဟု ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌ အီမရန် ခန်းက ပြောသည်။ အီမရန် ခန်းသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် ပါဗက်ဇ် အီလာဟီနှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဝန်ကြီးချုပ် မာမွတ် ခန်းတို့နှင့်အတူ ဗီဒီယို မိန့်ခွန်းတစ်ခုတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအသစ်များ ကျင်းပရေး တောင်းဆိုကြောင်း အီမရန် ခန်းက ထပ်လောင်းပြောကြားပြီး၊ ထိုသို့ မကျင်းပပါက နိုင်ငံသည် အကျပ်အတည်းဒုက္ခအောက် နစ်မြုပ်သွားနိုင်ကြောင်း သတိပေးသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကသာ ပါကစ္စတန်၏ ပြဿနာများကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းနှင့် လက်ရှိအစိုးရသည် ရှုံးမည်ကို ကြောက်နေသည့်အတွက် ရွေးကောက်ပွဲအသစ်များကို ကျင်းပမပေးရဘဲဖြစ်နေကြောင်း အီမရန် ခန်းက ပြောသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ကျွန်တော်တို့ ပြည်နယ်လွှတ်တော်နှစ်ခုစလုံးကို ဖျက်သိမ်းပြီးတာနဲ့ ကျွန်တော်တို့ဟာ ပြည်နယ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပါမယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂၃-၁၂၅ ဦးဟာလည်း သူတို့ရဲ့ နုတ်ထွက်စာတွေကို လွှတ်တော်ဘက်က လက်မခံသေးတဲ့အတွက် အဲဒီနုတ်ထွက်စာတွေ လက်ခံဖို့ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဋ္ဌကို သူတို့ တောင်းဆိုပါလိမ့်မယ်” ဟု ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly