နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဒီဇင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၆ ဒီဇင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက် အလက်၅၀ အား ကော်ဘရာစစ်ကြောင်းကို ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

· အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ပညာရေးဘုတ် အဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ် ပြည်သူ့ပညာရေးကျောင်းများ၏ပညာရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ လမ်းညွှန်ချက်နှင့်ပညာရေး ဖော်ဆောင်ခဲ့တဲ့ စာသင်ကျောင်းက ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ကြသည်။

· ဒီဇင်ဘာလ ၂၅ ရက်က တိုကျိုမြို့၊ ရှင်းဂျုကုရှိ တိုဆုကာ ချိအိကိ စင်တာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ဂျပန်ရောက်မြန်မာများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး(၁၅/၂၀၂၂)ကို ယနေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားသည်။

· စစ်ကျွန်ပညာရေးစနစ်ကို ထားခဲ့ပြီး ဖက်ဒရယ် ပညာရေးစနစ် ဦးမော့လာရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားမှာ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စျေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာနှင့် အမြင့်ရဲစခန်းကို PDF တပ်ဖွဲ့များ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း မုံရွာခရိုင် တပ်ရင်း ၅ Aung San Force အဖွဲ့ထံမှ သိရသည်။

· ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆာင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ၆၅၅ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့သည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကွမ်းထွက်ဝယ်သည့် ရဲ ၇ ဦး လိုက်ပါလာသည့် ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၃ ဦးသေဆုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း၇ Lightning People Defence Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တန့်ဆည်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ``လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ´´ စာတန်းကို ကိုင်ဆောင်၍စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက်သပိတ်မှောက်ကြသည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆာင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ၆၅၅ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့သည်။

· ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

· ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်က စစ်သားနှင့်ပျူစော ထီး များ အဖြစ် စုဆောင်းနိုင်ရေးအတွက် လူငယ်များနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ ပေါ်တာဆွဲမှုများ စတင်လုပ်ဆောင် နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။

· မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကော်ငစီခန့် ကင်းရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဆန်း ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

· မလေးရှားနိုင်ငံရှိ NLD (OC ) international နိုင်ငံတကာဌာနခွဲ Malaysia ရုံးတွင် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ၂၀၂၃ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက် ဆန့်ကျင်‌ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

· လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ပြီး "အကြောက်တရားကို ခွန်အားအဖြစ်ပြောင်းလဲကြ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

· ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့UG BLACK K အဖွဲ့က ပြောသည်။

· ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီသတင်းပေး သုံးဦးကို စစ်တပ်က ပြန်လိုက်ဖမ်းနေ သည်ဟု ဒေသခံများထံမှ သိရသည်။

· အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ပြည်တွင်းရှိပွဲစားများနှင့်ချိတ်ဆက်ပြီး အမျိုးသမီးငယ် များအား နိုင်ငံခြားသို့ရောင်းစားနေကြောင်း သတင်းအမှားတစ်ခု ပျံ့နှံ့လျက်ရှိနေသည်။

· ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်း သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဇေယျကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အုတ်ဖိုမြို့ရှိ စ.ရ.ဖ တပ်တွင်း စစ်ကြောရေးတွင် စစ်ဆေးနေ ကြောင်း မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို အဓမ္မလုယူ သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ မိမိတို့ချင်းလူမျိုးများ အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများသည် မျိုးစုံသောဒုက္ခဆင်းရဲများကို နေ့စဥ်ရင်ဆိုင် ကြုံတွေ့နေကြရလျှက်ရှိသည်ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ ဒီဇင်ဘာ၂၅ရက် ခရစ္စမတ် နေ့အထိမ်း အမှတ်သဝဏ်လွှာတစ်စောင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ နေအိမ် တအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

· နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စွပ်စွဲထားသည့် အဂတိအမှုများကို လာမည့် ဒီဇင်ဘာလ ၃၀ရက် သောကြာနေ့တွင် အပြီးသတ်အမိန့်ချ မှတ်ရန် ချိန်းဆိုထား ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

· ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင်ရှိသည့် ရဲကုန်းမှရဲမိသားစုဝင်များက ဒီဇင်ဘာလ ၂၄ ရက်နေ့လယ်ပိုင်း တွင် ကားသုံးစီးဖြင့် မြို့တွင်းလမ်းမတစ်လျှောက်ရှိ နေအိမ်နှင့် ဆိုင်တချို့တွင် ခရစ္စမတ်ကယ်ရို လှည့်လည်ကြသည်ဟု သိရသည်။

· အိန္ဒိယ-မြန်မာ မိတ်ဖက်စီမံကိန်းများ၏ တစ်ခုဖြစ်သော စစ်တွေဆိပ်ကမ်းကို အိန္ဒိယနှင့် မြန်မာကြား တိုက်ရိုက်ကုန်သွယ်ရေးအတွက် မကြာမီ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၄၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့

အဖွင့်မိန့်ခွန်း၌ စစ်ကောင်စီခန့်အပ်သော ရခိုင်ပြည်နယ်အစိုးရန် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြောသည်။

· အခုဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံက ချုပ်ပြီးသားအထည်များကို ပြည်ပတင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၃ ဒဿမ ၇ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

· ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တစ်အိမ်ချင်းစီ မြေပြင်လူဦးရေ စာရင်းကောက်ယူသည့်လုပ်ငန်းကို လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ရန်ကုန် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီကနေ သိရသည်။

· စစ်ကောင်စီ၏ ဝန်ကြီးဌာနများတွင် ရာထူးဝင်ယူကြသည့် မိုးကျရွှေကိုယ်များဟုခေါ်သော တပ်အရာရှိ များသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရပ်ဘက်ဝန်ကြီးဌာနများသို့ မကြာခဏ ပြောင်းရွှေ့ မှုများ ရှိလာသည်။

ဒီဇင်ဘာ ၂၆ ရက် သုံးသပ်ချက်

· စစ်အုပ်စုက တိုင်းပြည်အာဏာကိုလုယူလိုက်ပြီးကတည်းက ပြည်သူ့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ခက်ခဲအောင်တမင်လုပ်ဆောင်ပြီး စစ်တပ်မှလူများကို အရပ်ဘက်ဌာနများတွင် ရာထူးကြီးများပေးကာ လုပ်စားဂွင်များဖန်တီးလာသည်ကိုတွေ့ရသည်။ယင်းကဲ့သို့ တိုင်းပြည်ကို လုပ်ချင်တိုင်းလုပ်၍ ရအောင် စစ်အုပ်စုက အာဏာသိမ်းခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

· အညာဒေသအပါအဝင် နယ်မြို့များတွင် တော်လှန်ရေးအင်အားကောင်းနေဆဲဖြစ်သလို အမျိုးသား ညီညွတ်ရေးအစိုးရမှလည်း ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ပေးလာနိုင်သည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly