ကော့ကရိတ်မြို့တိုက်ပွဲတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးပျံလွန်တော်မှုပြီး ၃ ပါး ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်မြို့တိုက်ပွဲတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးပျံလွန်တော်မှုပြီး ၃ ပါး ထိခိုက်ဒဏ်ရာရ

ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့ ၊အမှတ်(၁) ရပ်ကွက် ၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်းအတွင်းသို့ ယနေ့ဒီဇင်ဘာလ၂၆ရက်နေ့ နံနက်၁၀နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မှုခဲ့ပြီး သံဃာ သုံးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒီဘုန်းကြီးကျောင်းကို မနက်က တပ်မ(၄၄)က စစ်သားတွေရောက်လာတယ် ။ နောက်တော့ အဲ့ကျောင်းထဲ လက်နက်ကြီးကျည်ကျတာပဲ၊ တစ်ပါးပျံလွန်တော်မှုတယ် ။ သုံးပါးဒဏ်ရာရတယ် ။ အဲ့သုံးပါးထဲက တစ်ပါးက ဒဏ်ရာပြင်းလို့ ဘားအံဆေးရုံကို ပို့ထားလိုက်ရတယ်”ဟု ဒေသတွင်း လူမှုပရဟိတအသင်းမှ ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် သံဃာအပါး၂၀ကျော် သတင်းသုံးနေထိုင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်များ ဘုန်းကြီးကျောင်းအတွင်းသို့ စခန်းချနေထိုင်သည့်အတွက် ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေရသည့် အရပ်သားများ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို KNLA , KTLA, PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများကာ လက်နက်ကြီးများ၊ စစ်လေယာဉ်များ အများအပြားအသုံးပြုကာ စစ်ကောင်စီဘက်မှ ပြန်လည်ခုခံနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required