ဖိအားများအောက်က NUG နဲ့ EROs မဟာမိတ်၊ ရေရှည်မဟာမိတ်ဖြစ်တည်ဖို့ ဘယ်လိုလုပ်ကြမလဲ (ဆောင်းပါး Part 2)

ဖိအားများအောက်က NUG နဲ့ EROs မဟာမိတ်၊ ရေရှည်မဟာမိတ်ဖြစ်တည်ဖို့ ဘယ်လိုလုပ်ကြမလဲ (ဆောင်းပါး Part 2)

NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာ ပေါက်လာနိုင်တဲ့ အက်ကြောင်းများ

အီဂေါဗလာဇီဗစ်

ဖိအားတွေရှိနေတဲ့ ကြားမှာ NUG – EROs မဟာမိတ်ဖြစ်တည်မှုမှာအက်ကြောင်းကိုဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကိုသတိထားပြီး နိုင်ငံရေး သတ္တိ၊ ဥာဏ်အမြော်အမြင်၊ မြဲမြံတဲ့ သန္နိဌာန်တွေနဲ့ ကိုင်တွယ်ဖြေရှင်းကြမှ တော်မှာပါ။

နွေဦးတော်လှန်ရေးလို့ခေါ်တဲ့ ဒီလူထုအုံကြွမှုကြီးရဲ့ အဓိက ပန်းတိုင်ဟာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဖယ်ရှားဖို့ ၊ စစ်တပ်က အာဏာပိုပြီးချုပ်ကိုင်ခွင့်ရလာတာကိုတားဆီးဖို့၊ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့တို့ဖြစ်ကြပါတယ်။ (အခုထက်ထိ ဒီအချက်တွေကို အသေးစိတ်မဖွင့်ဆိုခဲ့ကြသော်လည်း နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေက တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် စစ်တပ်က ဂုတ်စီးထားတာကို ဖယ်ရှားဖို့ကို လိုရင်းသဘောထားခဲ့ကြပါတယ်။)

EROs တွေရဲ့ ပင်မရည်မှန်းချက်ဟာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ကို ပိုပြီးမြင့်မြင့်မားမားရရှိလာဖို့၊ မိမိတို့ လူမျိုးစုနယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နေထိုင်လာနိုင်ဖို့ကို ရည်ရွယ်လာခဲ့ကြပါတယ်။

NUG ကျတော့ သုံးရပ်သုံးဖလှယ်က ထောက်ခံမှုနဲ့ ပေါ်ထွန်းလာခဲ့တာ ဖြစ်တယ်။ ပထမအားကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ NLD ရဲ့ ရွေးကောက်ပွဲကရတဲ့ အားဖြစ်ပါတယ်။ ဒုတိယကတော့ တစ်ပြည်လုံး အုံကြွပါဝင်ခဲ့တဲ့ Civil Disobedience Movement နဲ့ နွေဦးတော်လှန်ရေးကနေ ရလာခဲ့တဲ့ အကြမ်းမဖက်လူထုလှုပ်ရှားကနေ လာပါတယ်။ တတိယအားကတော့ EROs အချို့ဟာ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ မဟာမိတ်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ချက်ကနေ လာပါတယ်။

အာဏာသိမ်းဖို့ကြိုးစားတဲ့ နောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ နိုင်ငံရေးပဋိပက္ခနဲ့ အကြမ်းဖက် နှိမ်နင်းခံရမှုတွေကြားမှာပဲ NUG (NUCC အပါအဝင်) အဖွဲ့တွေကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး NLD,နွေဦးတော်လှန်ရေးနဲ့ CDM သမားများ၊ EROs)များ သုံးဦးသုံးဖလှယ်စလုံးဟာ အသီးသီး ကိုယ်စီငဲ့ကွက်စရာတွေကြားကပဲ စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ်တိုက်ထုတ်ရာမှာ ဦးဆောင်ဦးရွက် အဖွဲ့အစည်းအဖြစ် ခေါင်းခံခဲ့ကြတယ်။

မြန်မာနိုင်ငံရဲ့ အစစ်အမှန် နိုင်ငံရေးမှာ စစ်အာဏာရှင်တော်လှန်ရေးကို ဇောင်းပေးလိုကြတယ်ဆိုရင် ဒီ ဒီတော်လှန်ရေးထဲ ပါဝင်သူအသီးသီးအတွက် တော်လှန်ရေးကြီးထဲကနေ နှစ်လိုလက်ခံနိုင်မယ့် ရလဒ်တွေ အသီးသီး ဘယ်လို ပေါ်ထွက်လာနိုင်မလဲဆိုတာကို အားလုံးက ရှင်းရှင်းလင်းလင်း နားလည်လက်ခံနိုင်ကြတဲ့ အနေအထားတစ်ရပ်ရှိဖို့လိုပါတယ်။

NLD၊ နွေဦးတော်လှန်ရေးသမားတွေ၊ CDMတွေနဲ့ NUGတို့ဟာ ရည်ရွယ်ချက်တွေပြည့်ဝဖို့ဆိုရင် စစ်တပ်ကိုနိုင်ငံရေးကနေ ဖယ်ရှားပစ်နိုင်မှ၊ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်အောင်တိုက်မှ ဖြစ်မှာပါ။ ဒီတော်လှန်ရေးအင်အားစုတွေမှာ တခြားရွေးချယ်စရာလည်းမရှိပါဘူး။ သူတို့မကျရှုံးရင် ကိုယ်နစ်နာမယ့် အနေအထားပါ။ မင်းအောင်လှိုင်နဲ့ တပ်က မြန်မာ့နိုင်ငံရေးထဲကနေ ပြုတ်ရင်ပြုတ် မပြုတ်ရင် တော်လှန်ရေးသမားတွေ ချေမှုန်းခံရပြီး တော်လှန်သူတွေ အပြစ်ပေးခံရရင် ကျဆုံးတဲ့ တော်လှန်ရေးဖြစ်သွားပါလိမ့်မယ်။

EROs တွေက မိမိတို့အလိုလားဆုံးဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းခွင့် တွေကို ရရှိလာနိုင်ဖို့ဆိုရင် အထက်က ပြောသလို တစ်လမ်းတည်း ရွေးစရာရှိတာမဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ တပ်ကို နိုင်အောင်တိုက်ပြီး ဖယ်ဒရယ်ဒီမိုကရက်တစ်မြန်မာပြည်ကိုတည်ထောင်နိုင်ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ကို ရောက်ဖို့ဆိုရင် တစ်ကွေ့ကွေ့မှာတော့ မဟာဗျူဟာအရ NUG နဲ့ ညှိနှိုင်းပြီး မဟာမိတ်ပြုနိုင်တယ်ဆိုရင် စစ်တပ်ဟာ သိသိသာသာ အားပျော့သွားမှာပါ။ အဲဒီလိုအားပျော့သွားတဲ့ စစ်တပ်ဟာ (အခုလည်း အားတော်တော် လျော့နေပါပြီ) တပ်ဘက်ကို အလေးသာဖို့ အသင့်ဖြစ်နေတဲ့ EROs တွေကို လာဘ်ထိုးပြီး အပေးအယူတွေ လုပ်လာမှာပါ။ ဒါပေမယ့် တပ်ဟာ အခုတော်လှန်ရေးသမားတွေ၊ နွေဦးတော်လှန်ရေးအစုအဖွဲ့တွေနဲ့ အဲဒီလို အပေးအယူလုပ်ချင်စိတ်လုံးဝမရှိပါဘူး။ EROsတွေဘက်က ကြည့်ရင် မြန်မာပြည်မှာ ဗမာပြည်မကို စစ်တပ်က ဆက်ပြီး ထိန်းချုပ်ထားနိုင်ရင်တောင်မှ EROsတွေ ထိန်းချုပ်တဲ့ လူမျိုးစုနယ်မြေတွေမှာ အာဏာပိုရလာစရာ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုမိုဖြစ်ထွန်းစရာ အလားအလာတွေ ရှိနေနိုင်ပါတယ်။

မအလ၊ စစ်တပ်နဲ့ ခြစားနေတဲ့ ငြိမ်းချမ်းရေးနဲ့ စေ့စပ်ဆွေးနွေး‌ရေးပွဲစားတွေဟာ တစ်ဖက်က NUG နဲ့ တော်လှန်ရေးသမားတွေ၊ တစ်ဖက်က EROs တွေကြားမှာ ရှိနေကြတဲ့ မတူခြားနားတဲ့ ဦးတည်ချက်တွေ အကြောင်းကို ကောင်းကောင်းသိပါတယ်။

ဒါက NUG – EROs မဟာမိတ်မှာ ပေါ်လာနိုင်တဲ့ အက်ကြောင်းပါ။ ဒီအက်ကြောင်းကိုပဲ စစ်တပ်ကလည်း ပိုကျယ်အောင် ချဲ့နေပါတယ်။ EROs ခေါင်းဆောင်တွေနဲ့ EROsတွေရဲ့ မဟာဗျူဟာရေးဆွဲရေးအပေါ်မှာ သြဇာရှိမယ်ထင်တဲ့ သူတွေကို NUGဟာ မမြဲနိုင်ဘူးလို့ စစ်တပ်က သတင်းစကားပါးနေပါတယ်။ ငါတို့ စစ်တပ်က တော်လှန်ရေးကို ဖြိုချပြီး နောက်ဆုံးမှာ အနိုင်ယူသွားနိုင်လောက်တဲ့ အင်အားရှိတယ်။ ငါတို့စစ်တပ်က ရုရှား၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်က ထောက်ခံမှုတွေကို ရထားတယ်။ ငါတို့စစ်တပ်မှာ ဓာတ်‌ငွေ့နဲ့ သဘာဝသယံဇာတတွေက ရတဲ့ ဝင်ငွေတွေရှိတယ်။ မင်းတို့ရဲ့ အရပ်သား တွေကို ငါတို့က အပြစ်ဒဏ်ခတ် ချေမှုန်းပစ်နိုင်တယ်။ မင်းတို့ စာသင်ကျောင်းတွေ၊ တေးဂီတပွဲတွေ၊ ရွာတွေကို ငါတို့ မီးရှို့ပစ်နိုင်တယ်။ ဆရာ ဆမ်ဆွန်လို မင်းတို့ရဲ့ လူသိများ ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ငါတို့ ဖမ်းချုပ်ထားနိုင်တယ်။ ငါတို့က မင်းတို့ ဆီက အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ IDPsတွေဆီသွားမယ့် စားနပ်ရိက္ခာတွေ၊ လောင်စာဆီတွေ၊ ဆေးဝါးတွေ အရောက်ပို့နိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်တယ်။ အဲဒီနေရာတွေကို ဒါတွေ ပို့လို့ရမယ် မရဘူးဆိုတာ တို့လက်ထဲမှာပဲရှိတယ်။ မင်းတို့ကို လာမယ့် proportional – representation အချိုးကျ ကိုယ်စားပြုနိုင်မယ့် ပါလီမန်ထဲမှာ ထိုင်ခုံတွေပေးနိုင်တာက ငါတို့စစ်တပ်ပဲ။ မင်းတို့ကို အမြတ်အစွန်းကြီးမားတဲ့ လုပ်ငန်းလိုင်စင်တွေနဲ့ လုပ်ငန်းလက်ဝါးကြီးအုပ်ခွင့်ကိုပေးနိုင်တာလည်း ငါတို့ပဲ။ မင်းတို့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေမယ် ဆိုရင်လည်း ငါတို့ မျက်လုံးမှိတ်ထားပေးနိုင်တယ်။ မင်းတို့အတွက် ပိုပြီးကောင်းမယ့် ဖယ်ဒရယ် အပေးအယူကို ငါတို့နဲ့ ညှိလို့ ရတယ်။ မင်းတို့ တပ်တွေကို ပြည်သူ့စစ်အနေနဲ့ ထားခွင့်လည်းရမယ်။ တပ်တွေအပြင် မင်းတို့ လုပ်ချင်တဲ့ တရားမဝင်ရော တရားဝင်ရော စီးပွားရေးတွေ လုပ်ခွင့်ရမယ်။ မင်းတို့ဆီမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွေလည်း ရလာဦးမယ်။ ငါတို့တပ်နဲ့သာ အပေးအယူလုပ်ပါ။ PDF တွေကို ကူညီနေတာကို ရပ်လိုက်ပါ။ NUG နဲ့ လက်တွဲ ဆောင်ရွက်နေတာတွေ ရပ်ပစ်လိုက်ပါ။ သူတို့ရှုံးနိမ့်သွားမှာကို နောက်ဆံငင်မနေပါနဲ့။ အဲဒါဆိုရင် မင်းတို့နဲ့ ငါတို့ပေါင်းပြီး “federation of greed and corruption” လောဘနဲ့ ပျက်စီးခြင်းတိုင်နေတဲ့ ဖယ်ဒရေးရှင်းတစ်ခု ငါတို့ ထောင်လို့ရပြီ။” ဆိုတာက တပ်က EROs တွေကိုပေးနေတဲ့ သတင်းစကားပါပဲ။

တိုက်တွန်း နှိုးဆော်ချက်

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တော်လှန်ရေးအတွက် မဟာမိတ်အုပ်စုတွေကြားမှာ မရေရာတဲ့ အနာဂတ်အကြောင်း ငြင်းခုံ‌ဆွေးနွေးကြရင်း သဘောထားကွဲလွဲမှုတွေနဲ့ အေးခဲတုံ့ဆိုင်းနေခဲ့ကြတယ်။ အဲဒီလို ဖြစ်နေကြမယ့်အစား ရောက်လာတော့မယ့် ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်အပေါ် ပြန်အာရုံစိုက်ကြဖို့ပါ။

အခုလုပ်ဖို့လိုအပ်နေတာက နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ အစုအဖွဲ့တွေ (နယ်မြေထိန်းချုပ်နိုင်သူ၊ သေနတ်ကိုင်ထားသူနဲ့ ပြည်သူ့ထောက်ခံမှုရထားသူ)တွေ အားလုံးလုပ်ဖို့လိုတာက မြဲမြံတဲ့ သန္နိဌာန်နဲ့ အင်တိုက်အားတိုက် မဟာမိတ်အဖြစ် ရပ်တည်ကြဖို့ပါ။ အဲဒီမဟာမိတ်အနေနဲ့ တော်တော် အရေးတကြီးလုပ်ရမယ့်ကိစ္စက နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကို တစ်ယောက်တစ်ပေါက်မဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်း မဟာဗျူဟာကျကျ စုစည်းပြောဆိုကြဖို့ပါ။

အဲဒီလို မလုပ်နိုင်ရင် နွေဦးသူရဲကောင်းတွေ စတေးပြီး ယူပေးခဲ့တဲ့ အနာဂတ်ဟာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ အဲဒါကိုမလုပ်နိုင်ရင် မြန်မာနိုင်ငံသားတွေရဲ့ ဖက်ဒရယ်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အိပ်မက်ကို ပြီးပြည့်စုံစေမယ့် ဒီသမိုင်းဝင်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီလို မလုပ်နိုင်ရင် အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်မှုကင်းတဲ့ တိုင်းပြည်မှာ နေထိုင်လိုတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဒီမိုကရက်တစ် မျှော်မှန်းချက်ဟာ နောက်အနှစ် ၂၀ အထိ နှောင့်နှေးသွားလိမ့်မယ်။

နိုင်ငံရေးအရ ပါဝင်ပတ်သက်နေကြတဲ့ ဒီမိုကရက်တစ် အင်အားစုတွေ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အင်အားစု တွေထဲက လူတွေအားလုံး အခုအချိန်မှာ တကယ်လုပ်ဖို့လိုတာက အချင်းချင်း တွေ့ဆုံကြဖို့ပါပဲ။ လူချင်း တကယ် တွေ့ဆုံကြဖို့။ zoom meeting မှာ တွေ့ဆုံကြဖို့ မဟုတ်ဘူး။ ( ဒီတော်လှန်ရေးကို ) ကျနော်တို့ အတူတူ နိုင်တဲ့အခါ ကျနော်တို့ ကြိုးစား ရုန်းကန်ခဲ့ကြတဲ့ အသီးအပွင့်တွေ လူတိုင်းရရှိဖို့ ကျနော်တို့ အချင်းချင်း တဖက်နဲ့တဖက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးကြရမယ်။

သံသယတွေ နာကြည်းချက်တွေနဲ့ တော်လှန်ရေးကို အားပျော့ တုံ့ဆိုင်းနေစေမယ့်အစား နိုင်ငံရေးအရ အဓိက ပါဝင်နေကြသူတွေ အားလုံးက ယုံကြည်သစ္စာရှိမှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အကောင်းမြင် သဘောထားတွေနဲ့ လုပ်ကြရပါမယ်။

စစ်အာဏာရှင်ကိုတော်လှန်ရေးနေကြတဲ့ အစုအဖွဲ့တွေဟာ လက်ရှိ နိုင်ငံရေး မဟာမိတ်ဖွဲ့တည်မှုကို ပြန်ပြီး ခိုင်မာအောင်လုပ်ကြဖို့လိုပါတယ်။ ယူကရိန်းပြည်သူတွေကို သမ္မတ ဇာလန်စကီးက တစ်ချိန်လုံး ဦးဆောင်မှုပေးနေသလို ဒီမဟာမိတ်ကလည်း စိုက်လိုက်မတ်တပ် ဦးဆောင်မှုပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ဒီမဟာမိတ်ဟာ ပြည်သူတွေက စစ်အစိုးရကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ငြင်းဆန်ပြီး အာဏာဖီဆန်တာတာတွေ ဆက်ရှိနေဖို့ စုစည်းထားနိုင်မှာဖြစ်တယ်။ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုဟာ မ အ လ ရဲ့ စစ်တပ်ပြိုလဲတဲ့အထိ ခေါ်ဆောင်သွားပြီး ရာဇ၀တ်မှုတွေကျူးလွန်နေတဲ့ စစ်အစိုးကို အနိုင်ယူနိုင်မှာ ဖြစ်တယ်။ ဒီ နိုင်ငံရေးမဟာမိတ်ဟာ နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံရာမှာ အားနည်းနေတဲ့ အနေအထားမှာ ရပ်ပြီး အကူအညီတွေ တောင်းနေကြရမယ့်အစား ဒီတိုင်းပြည်ရဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ အချုပ်အခြာ အာဏာပိုင်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်။

လူတိုင်းက အနိုင်ရတဲ့ မြင်းကိုလောင်းချင်ကြတာကြောင့် ဒီတော်လှန်ရေးထဲမှာ တခြားသူတွေအားလုံး ပါဝင်ပူးပေါင်းဖို့ ဒီနိုင်ငံရေးမဟာမိတ်က တိုက်တွန်းအားပေးရပါမယ်။

ဒီမိုကရေစီတိုက်ပွဲဝင်ခေါင်းဆောင်တွေဟာ နိုင်ငံရေး သတ္တိရှိရှိနဲ့ ဒီသမိုင်းဝင်အခွင့်အရေးကို လက်လှမ်းမီဖို့ရာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြရမှာဖြစ်ပါတယ်။ လူမျိုးစု အစုအဖွဲ့တွေနဲ့ ပတ်သက်လာရင်လည်း နောင် မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ လူမျိုးစုတွေဟာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့စဉ်ကတည်းက တိုက်ယူနေခဲ့ရတဲ့ မိမိကြမ္မာမိမိဖန်တီးခွင့်ကိုရရှိနိုင်ကြောင်း ဒီခေါင်းဆောင်တွေဟာ ယုံကြည်လောက်တဲ့ ကတိကဝတ်ပြုပြီး၊ မြဲမြံတဲ့ သန္နိဌာန်နဲ့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်ကို အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ လူမျိုးစု ခေါင်းဆောင်များကလည်း မိမိတို့ လူမျိုးစုရပ်တည်ရေးကို အခြေခံတောင်းဆိုတဲ့ အထိုင်ကနေ ခွာကြည့်ပြီး အနာဂတ်မှာ အားလုံးအတွက် အပေါင်းလက္ခဏာကိုဆောင်တဲ့ ပိုမိုနက်ရှိုင်းကျယ်ပြန့်တဲ့ အမျိုးသားရေး လုပ်ငန်းစဉ်အတွက် ရင်းနှီးမြှုပ်နှံကြဖို့ အချိန်ဖြစ်နေပါတယ်။

စစ်တပ်ကို နိုင်ငံရေးနဲ့ စီးပွားရေးကနေ ဖယ်ရှားလိုက်ပြီးသွားလို့ မြန်မာနိုင်ငံမှာ မ အ လ ရဲ့ ယူနီဖောင်းဝတ် အကျင့်ပျက် ကိုယ်ကျိုးရှာဂိုဏ်းက ထိန်းချုပ်၊ ဖိနှိပ်ချုပ်ချယ်၊ လုယူခြင်းတွေ မရှိတော့တဲ့အခါ တိုင်းပြည်သစ်မှာ ပိုပြီး တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းလို့ရကြတဲ့ အခြေအနေတွေ ပိုမိုဖြစ်ထွန်းလာမှာပါ။ ဒီအခါမှာ စေ့စပ်ညှိနှိုင်းဖြေရှင်းဖို့လုံလောက်တဲ့ အခင်းအကျင်း နဲ့ တစစီဖြစ်နေတဲ့ ဘဝတွေကို ပြန်လည်ထူထောင်ဖို့လည်း ဓနဥစ္စာတွေ ရှိလာကြမှာပါ။ အဲဒီအခါ လူတဦးချင်းစီ ရဲ့ လူမှု စီးပွါး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်နိုင်ခြေတွေ ရှိလာမှာပါ။ လူမျိုးစု အသီးသီး၊ ယုံကြည်ကိုးကွယ်မှုအသီးသီးက လူတိုင်းဟာ ဒါကို ခံစားကြရမှာပါ။

မဟာမိတ်အဖြစ်စည်းလုံးခြင်းအရှည်တည်မြဲခိုင်ခန့်ဖို့

အစောပိုင်းအခန်းတွေမှာ ကျွန်တော်ပြောခဲ့သလိုပဲ NUG နဲ့ EROs တွေ မဟာမိတ်ဖြစ်နေကြဖို့ဟာ အဘက်ဘက်က ကြည့်ရင် အသည်းအသန်ကိစ္စ တစ်ခုပါ။ စစ်‌ခေါင်းဆောင်တွေဟာ မုန့်ပြမလား တုတ်ပြမလားဆိုတဲ့ ကိစ္စမှာ အတော်ပဲ ကျွမ်းကျွမ်းကျင်ကျင်ကစားနေကြပါတယ်။ ဒီလိုနည်းနဲ့ သွေးခွဲတဲ့နေရာမှာ အထာကိုလည်း သိပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ထဲကနေ NUG၊ နွေဦးတော်လှန်ရေးနဲ့ NLD ကိုဖယ်ထုတ်လိုက်ပြီး ဘေးရောက်‌အောင်လုပ်လိုက်နိုင်ရင် မူလက နွေဦးတော်လှန်ရေးမှာဝင်ပါဖို့ သတ္တိမရှိကြတဲ့ ပြည်တွင်းက ကိုယ်ကျိုးနဲ့ နိုင်ငံရေးထဲဝင်ပါချင်တဲ့ အုပ်စု အမျိုးမျိုးကလည်း အခွင့်အလမ်းရသွားကြမှာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးခွင်ထဲမှာ လှုပ်ရှားရတဲ့ ပုံစံက စစ်တပ်ရယ်၊ EROs ရယ်နဲ့ ဗမာမစုတ်တဲ့ ဒီမိုကရေစီနဲ့ အမျိုးသား နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ ဘက်သုံးဘက်ကြား ညှိနှိုင်းကြတဲ့ အခြေအနေမျိုးဆီကိုနောက်ပြန်ဆုတ်သွားမယ် ဆိုရင် အဲဒီ ကိုယ်ကျိုးရှာသမားတွေဟာ သူတို့ရနိုင်တဲ့ အခွင့်အရေးကို ဝင်ယူကြမှာပါ။ ဒါကြောင့်မို့လည်း သူတို့ဟာ မအလရဲ့ အလိမ်အညာရွေးကောက်ပွဲကိစ္စမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေကြတာဖြစ်ပါတယ်။

အချို့သော နိုင်ငံတကာက ပုဂ္ဂိုလ်များဟာလည်း အခုလောလောဆယ် စစ်ခေါင်းဆောင်တွေကို တက်တက်ကြွကြွ ပေါင်းသင်းကူညီနေကြတာတွေရှိနေပါတယ် (ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဆာဆာကာဝါ)။ တခြားအရေးကြီးတဲ့နိုင်ငံတကာက လူတွေကတော့ (ကုလသမဂ္ဂအထူးသံ၊ အင်ဒိုနီးရှားနဲ့ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်၊ နော်ဝေး၊ ရန်ကုန်မှာ ရှိနေကြတဲ့ နိုင်ငံခြားသံတမန်ထဲက အများစု) ဟာ မြန်မာပြည်သူတွေရဲ့ ရန်သူတွေမဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာလည်း သိပ်ပြီးရိုးသားလွန်းတဲ့ မိတ်ဆွေတွေလည်း မဟုတ်ကြပြန်ပါဘူး။ သူတို့ဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို မယုံနိုင်ကြသူတွေပါ။ နွေဦးတော်လှန်ရောအောင်ပွဲဆီကိုသွားဖို့က သူတို့ရည်ရွယ်ရမယ့် ကိစ္စလို့ မမြင်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ယုံကြည်ကြတဲ့ တစ်ခုတည်းသော ဖြေရှင်းနည်းကတော့ လက်ရှိအခြေအနေမှာ ပါဝင်နေသူတွေအားလုံးကို ဆွေးနွေးညှိနှိုင်းရေး စားပွဲခုံပေါ်ကို ဆွဲခေါ်ပြီး စစ်တပ်နဲ့ တပ်ခေါင်းဆောင်တွေနဲ့ ညှိခိုင်းဖို့ပဲဖြစ်ပါတယ်။ သူတို့ဖြစ်စေချင်တာက မြန်မာပြည်မှာ ငြိမ်ဝပ်ပြီး အခြေအနေတွေကို ပုံမှန်ပြန်လည်ပတ် စေချင်တာပါပဲ။

မအလဟာ NUG နဲ့ လုံးဝဆွေးနွေးညှိနှိုင်းချင်တဲ့ သူမဟုတ်ဘူးဆိုတာကို သူတို့လုံးလုံးကြီး လျစ်လျူရှုထားပါတယ်။ မအလရဲ့ အဓိကရည်ရွယ်ချက်က စစ်ကိုင်းနဲ့ မကွေးမှာရှိတဲ့ PDFတွေကို ချေမှုန်းပစ်ဖို့ပဲဆိုတာကို မသိချင်ယောင်ဆောင်နေကြပါတယ်။ နိုင်ငံတကာကလူတွေဟာ စစ်တပ်နဲ့ EROsတွေကြား အပစ်အခတ်ရပ်စဲပြီး ညှိနှိုင်းဆွေးနွေးနိုင်ကြပြီဆိုရင် EROs ထိန်းချုပ်နယ်မြေတွေထဲကို လူသားချင်းစာနာမှုအကူအညီတွေ စပြီးပို့လို့ရမယ်လို့ ထင်ယောင်ထင်မှားတွေ တွေးနေကြပါတယ်။ ဒီလို လမ်းစကနေ စစ်ကို အရှိန်လျှော့နိုင်မယ်လို့တွေးတာက တော်တော်လွဲပါတယ်။ တကယ်လို့များ သူတို့ထင်သလိုဖြစ်လာခဲ့ရင် နောက်ဆက်တွဲက မကွေးနဲ့ စစ်ကိုင်းက တော်လှန်ရေးအင်အားစုတွေကို တပ်က အင်အားထပ်ဖြည့်ပြီး အင်အားသုံးချေမှုန်းလာနိုင်ပြီးတော့ NUG ကိုဖယ်ထုတ်ဖို့ ကြိုးစားတော့မယ် ဆိုတာကို မသိတာလား ၊ မသိချင်ယောင်ဆောင်တာလား တစ်ခုခုပါပဲ။ စိတ်ကောင်းနဲ့ ကြံရွယ်ကြတယ်ဆိုတဲ့ နိုင်ငံတကာက လူတွေရဲ့ လုပ်ရပ်ကပဲ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အင်အားစုတွေ အားပျော့သွားအောင် လုပ်နေသလိုဖြစ်နေပါတယ်။ ဒီလို နိုင်ငံတကာ ဖိအားသိပ်များလာရင် စစ်အာဏာရှင်ကိုတော်လှန်ရတဲ့သူတွေ ပြိုကွဲသွားမလားဆိုတာကတော့ မဖြစ်နိုင်တဲ့အချက်ပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီဖိအားကိုခံရပြီး အားပျော့သွားနိုင်တာ ဖီဆန်တော်လှန်မှု မထိမရောက်ဖြစ်လာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်ကြဖို့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ အင်အားပြန်ပြည့်လာဖို့အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ကြဖို့ လိုနေပါတယ်။

၁။ ပထမဆုံးကတော့ မအလရဲ့ တပ်ဟာ အင်မတန် ချိနဲ့ပြီးအားပျော့လာနေတယ်ဆိုတာကို မမေ့ဖို့ပါပဲ။ တော်လှန်ရေးအင်အားစုတွေဟာ ဖိအားအောက်မှာ လှုပ်ရှားနေကြရတာ မှန်တယ်။ ဒါပေမယ့် စစ်တပ်က ကြုံနေရတဲ့ လောလောဆယ်ဖိအားက ပိုကြီးနေတယ်ဆိုတာလည်း မမေ့ဖို့ပါ။ သူတို့ဆီမှာလည်း အက်ကြောင်းပေါ်နေသလို သွေးထွက်သံယိုလည်း ပိုများလာနေပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကို ပြည်သူဟာ အင်မတန်မုန်းတီး ခါးသီးပြီး မပတ်သက်လိုကြပါဘူး။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စိတ်ဆန္ဒက တပ်က ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ဘက်ပါ။ မအလက ကမ်းလှမ်းနေတဲ့ “လောဘနဲ့ အဂတိလိုက်စားခြင်းပေါ်မှာဆောက်ထားတဲ့ ဖယ်ဒရယ်စနစ်” ကို လက်ခံကြမယ့်အစား ပိုပြီး မျှော်မှန်းနိုင်တဲ့ ဆုလာဘ်တွေရှိပါတယ်။ လူမျိုးစု အသီးသီးအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ဖယ်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာနိုင်ပါတယ်။ ဒီလိုနိုင်ငံတော်ကို စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ဂုတ်သွေးစုတ်မှုတွေအောက်မှာ တည်လို့မရနိုင်ပါဘူး။ မအလတို့ ကမ်းလှမ်းတဲ့ ဖယ်ဒရယ်ဆိုတာ အားနည်းသူကို သားကောင်လို ချောင်းပြီး အမြီးကျက် အမြီးစားကျင့်ကြံမယ့် ဖယ်ဒရယ်၊ စစ်တပ်ရဲ့ မိသားစုနဲ့ သူတို့အသိုင်းအဝိုင်း ကွက်ကွက်ကလေးသာ ကောင်းစားမယ့် လက်သင့်ရာစားတော်ခေါ်တဲ့ kleptocracy ကို အခြေခံတဲ့ ဖယ်ဒရယ်ပါ။

၂။ NUG ထဲက ခေါင်းဆောင်တွေဟာ EROs (K3C – ကရင်၊ ကချင်၊ ကရင်နီနဲ့ ချင်း) တွေနဲ့ အပြင်မှာပဲဖြစ်ဖြစ် zoom နဲ့ပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ ထိထိရောက်ရောက် ရင်းရင်းနှီးနှီးပြောဆိုဆွေးနွေးကြဖို့ လိုပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးဘက်က နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ လှုပ်ရှားနေသူတွေကြားမှာ အခြေအနေအသစ်ကို တုံ့ပြန်နိုင်ကြဖို့ ပြင်ဆင်ကြရမှာပါ။ ယုံကြည်မှုတွေပြန်လည် အဖတ်ဆယ်နိုင်ဖို့ဆိုရင် ဘယ်သူက ဘာကိုလိုချင်တာလဲ ဆိုတာကို သိပြီး တစ်ဖက်နဲ့တစ်ဖက်လည်း အပြန်အလှန် ရှင်းရှင်းလင်းလင်း နားလည်ပြီး အာမခံပေးတာတွေရှိရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အတူတကွ အနိုင်ရပြီးတဲ့နောက်မှာ လူတိုင်းရဲ့ လိုလားချက်တွေ ပြည့်ဝရစေမယ် ဆိုတာကို တစ်ဖက်နဲ့ တစ်ဖက် အာမခံပေးဖို့ လိုပါတယ်။

ဒါက အရေးအကြီးဆုံးခြေလှမ်းပါ။ အခုအချိန်မှာဆိုရင် အားလုံးပါဝင်နေတဲ့ တော်လှန်ရေးဖြစ်လာဖို့ အရေးကြီးတဲ့သူတွေရဲ့ အပြည့်အဝထောက်ခံမှုကို မရနေသေးပါဘူး။ အပြည့်အဝမဟာမိတ်အဖြစ် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ပြီး တက်ကြွစွာပါဝင်လာနိုင်ဖို့ နိုင်ငံရေးအရ အပြန်အလှန်အပေးအယူတွေလိုအပ်နေပါတယ်။ တစ်ပိုင်းတစ်စ မဟာမိတ်ဖွဲ့တည်မှုအစား၊ ရာနှုန်းပြည့် မပါဝင်တဲ့အခြေအနေအစား ပိုပြီးပြည့်ဝတဲ့ မဟာမိတ်အဖြစ်ကို တည်ဆောက်ဖို့လိုပါတယ်။

၃။ အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ အပြိုင် NUG + အရေးကြီးတဲ့ EROs တွေက နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးအတွက် လုပ်ကိုင်မယ့်အဖွဲ့တစ်ခုကို အတူဖွဲ့စည်းကြဖို့လိုပါတယ်။ အဲဒါမှလည်း အမေရိကန် NDAA နဲ့ အင်ဒိုနီးရှားကလက်ရှိ ဥက္ကဌ လုပ်နေတဲ့ အာဆီယံတို့မှာ မြန်မာနိုင်ငံအတွက် ပေါ်လာမယ့်အခွင့်အရေးတွေကို ဟန်ချက်ကျကျ အချိတ်အဆက် မပြတ်ဘဲ ဖမ်းဆုပ်နိုင်မှာပါ။ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပေးရမယ့် အရေးကြီးတဲ့ သတင်းစကားတွေကို NUG နဲ့ EROs တွေ ကြားက ဘုံနားလည်မှုကို အခြေခံပြီး ပြောဆိုကြရမှာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘာကိုပြောကြမလဲ၊ ဘာကိုနိုင်ငံတကာကနေ တောင်းဆိုကြမလဲ ဒါတွေကိုပြောရာမှာ ညှိထားတဲ့ ဘုံသဘောတူညီချက်ရှိနေဖို့ပါ။ ဒါကိုရပြီဆိုရင် NUG + K3C တို့အားလုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂျာကာတာ၊ ဝါရှင်တန်၊ နယူးယောက်၊လန်ဒန်၊ ဘရပ်ဆဲလ်၊တိုကျို၊ နယူးဒေလီတို့ကိုလွှတ်ဖို့လိုပါတယ်။

တကယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရာမှာ NUG ကို သက်သက် EROs ကိုသက်သက် ဆက်ဆံနေရမယ် ဆိုရင် မဟာမိတ်နှစ်ဖက်စလုံးအတွက် အရှုံးရှိနိုင်ပါတယ်။ နိုင်ငံတကာကလည်း နွေဦးတော်လှန်ရေးရဲ့ အာဏာရှင်ကို တိုက်ထုတ်တဲ့ အောင်ပွဲကို ထောက်ခံမယ့်အစား တော်လှန်ရေးအင်အားစုတွေနဲ့အပေါ် လိုသလို ကစားပြီး သူတို့လိုရာဆွဲပုံဖော်တဲ့ဘက် ရောက်‌အောင် လုပ်နိုင်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလူအများစုဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို မြင်ချင်ကြတာမဟုတ်ဘူးဆိုတာ သတိကြပ်ကြပ်ထားစေချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့က ဒီလိုအောင်ပွဲကို ဖြစ်လာနိုင်မယ်လို့လည်း မထင်ပါဘူး။ ပြီးတော့ ဒါပြီးရင် ဘာဖြစ်လာမလဲဆိုတာကို သူတို့မမှန်းနိုင်လို့ပါ။ ဒါကြောင့်မို့သူတို့ဟာ စစ်တပ်အပါအဝင် လူအားလုံးကို စားပွဲဝိုင်းပေါ်ဆွေးနွေးတဲ့အလုပ်ပဲ လုပ်စေချင်တာပါ။ ဒါပေမယ့် ဒီနည်းမှာနောက်ဆက်တွဲ အန္တရာယ်က စစ်တပ်နဲ့ EROsတွေရယ် နိုင်ငံရေးပါတီတွေရယ် စားပွဲပေါ်ကိုရောက်လာပြီး NUG နဲ့ နွေဦးတော်လှန်ရေးကတော့ စားပွဲပေါ်ရောက်မလာဘဲ ပွဲမပြတ်နိုင်တာပါ။

အခုတောင် နိုင်ငံတကာအသိုင်းအဝိုင်းထဲက တချို့နဲ့ ပြည်တွင်း ပွဲစားအချို့ဟာ NUG မပါဘဲ K3C ကို နိုင်ငံတကာကပါဝင်ပြီး ဆွေးနွေးကြဖို့ လမ်းစတွေ ဖော်နေကြပါပြီ။ ဒါဟာ အလွန် အန္တရာယ်ကြီးတဲ့ခြေလှမ်းဖြစ်ပြီး မြန်မာနိုင်ငံ လမ်းကြောင်းလွဲနိုင်တဲ့ ကိစ္စတစ်ခုပါ။ NUG + K3C အတူတကွ ဆောင်ရွက်နိုင်ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆက်ဆံနိုင်ဖို့ ဘုံရပ်တည်ချက်ရှိတာက အများကြီး ပိုကောင်းတဲ့ ကိစ္စပါ။ ဒီပုံစံနဲ့ NUG + K3C ဟာ အခြားအစုအဖွဲ့တာဝန်ရှိသူတွေကိုပါဝင်လာအောင် လမ်းဖွင့်ပေးထားဖို့လိုပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင်အရေးအကြီးဆုံးကတော့ မဟာမိတ်ချက်မ ဖြစ်တဲ့ NUG + K3C ဘုံနားလည်မှုကို ခိုင်ခိုင်မာမာတည်ဆောက်ကြဖို့ လိုပါတယ်။

၄။ ပြီးတော့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ညီညီညာညာ တောင်းဆိုမှုတွေပြုလုပ်နိုင်အောင် NUG + EROs နဲ့ တော်လှန်ရေးထဲက အရပ်ဘက်လူ့အဖွဲ့အစည်းတွေကြား ရှင်းလင်းတဲ့ မဟာဗျူဟာကိုတည်ဆောက်ဖို့ နောက်ထပ် လုပ်ငန်းအစုအဖွဲ့တစ်ခုလိုပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေဟာ တရားမျှတတဲ့ဘက်မှာ ရပ်နေတာတော့ မဟုတ်ပါဘူး။ သူတို့မှာ သူတို့အကျိုးစီးပွားတွေလည်းရှိပါတယ်။ သူတို့မှာ သူတို့ အစွဲနဲ့ သူတို့ မြင်နေကြတာတွေ လည်းရှိပါတယ်။ အများစုကတော့ ရန်ကုန်မှာ သူတို့လုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ဖို့အတွက် စစ်တပ်ရဲ့ အမိန့်အောက်မှာ ဓားစာခံဘဝနဲ့ နေနေကြရတာပါပဲ။ သူတို့ပြည်ဝင်ခွင့်ဗီဇာကိစ္စတွေဟာလည်း စစ်တပ်ကို မှီခိုနေရမှ ဖြစ်တာမို့ပါ။ ဒါ့ကြောင့် သူတို့တွေမှာ တပ်ရဲ့အလိုအတိုင်း ကြိုးဆွဲတဲ့ ဇာတ်ကိုလိုက်ကတဲ့ ဖက်ကို ယိမ်းချင်တာများပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စိတ်စေတနာဖြူတဲ့ သနားတတ်တဲ့သူတွေလို့ မထင်ကြဖို့ အရေးကြီးပါတယ်။နွေဦးတော်လှန်ရေးက ဖြစ်လိုတာ၊ ရည်မှန်းတာတွေနဲ့ မကိုက်တဲ့ သူတို့ရဲ့ လိုအင်တွေ၊ သူတို့ရဲ့ အကျိုးစီးပွားတွေရှိကြပါတယ်။

ဒါကြောင့်မို့လည်း သူတို့နဲ့ စကားပြောတဲ့နေရာမှာ ကျွန်တော်တို့ဟာ ညှိကြ နှိုင်းကြဖို့လိုတယ်။ သူတို့ကို အရိုးခံသဘောပဲရှိသူတွေရယ်လို့ စင်းလုံးချောယုံပြီး စျေးမဆစ်လို့ မရဘူး။

နွေဦးတော်လှန်ရေးရဲ့ အကျိုးကို မျှော်ကိုးပြီး နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်းနဲ့ ထိထိရောက်ရောက် ဆက်ဆံပြောဆိုနိုင်ဖို့ဆိုရင် ကျွန်တော်တို့မှာ ဘုံနားလည်မှုနဲ့ အားလုံးလက်ခံထားတဲ့ မဟာဗျူဟာလိုတယ်။ NUG ကိုယ်စားလှယ်တွေ၊ EROs တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်တဲ့ ညှိနှိုင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ရှိဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ရင် နိုင်ငံတကာ အလှူရှင်တွေနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မျက်နှာကိုမကြည့်ဘဲ သူတို့ရဲ့ အတွက် သူတို့ ပိုငဲ့ကွက်ပြီး တော်လှန်ရေးအင်အားစုတွေကို သွေးကွဲစေတဲ့ နိုင်ငံတကာအကူအညီ မူဝါဒမျိုးကို ရေးဆွဲ အကောင်အထည် ဖော်သွားနိုင်တာကိုသတိချပ်ရပါမယ်။

အကူအညီပေးရေး အဖွဲ့အစည်းတွေဘက်ကိုကြည့်ရင် အကျိုးအမြတ်ရစရာတွေရှိပါတယ်။ သူတို့မှာ သတင်းအချက်အလက် ပိုရနိုင်နေတာရှိပါတယ်။ သူတို့က နိုင်ငံတကာအလှူရှင်တွေနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရှိတယ်။ ပိုပြီးအချိတ်အဆက်ရှိတယ်။ သူတို့ဟာ လုပ်ငန်းအဆိုပြုလွှာတွေကို အခငွေကြေးပေးပြီး ရေးခိုင်းဖို့ ငွေကြေးနဲ့ အရင်းအမြစ်တွေရှိတယ်။ ရလာတဲ့ အကူအညီတွေကို စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုရှိတယ်။ သူတို့က ခရီးတွေ သွားလာလို့ရနေသူတွေမို့လို့ တော်လှန်ရေးအင်အားစုတွေကို သက်သက်စီ တစ်ဖွဲ့ချင်းလိုက်တွေ့လို့ရနေတယ်။

ဒါပေမယ့်လည်း တကယ်လို့များ NUG, EROs နဲ့ တော်လှန်ရေးထဲက CSOs တွေဟာ အတူတကွ ရပ်တည်ပြီး သူတို့ကိုတောင်းဆိုနိုင်ရင်၊ ညှိနှိုင်းနိုင်ရင်တော့ တော်လှန်ရေးဘက်ကလူတွေမှာလည်း ဒီလိုပြောဆိုနိုင်ဖို့ လုပ်ပိုင်ခွင့်နဲ့ အင်အားရှိနေတာလည်း အမှန်ပါ။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ INGO တွေဟာ ဒေသခံအဖွဲ့အစည်းတွေမပါဘဲနဲ့ အကူအညီတွေ ဖြန့်ဝေလို့မရပါဘူး။ ဒေသခံတွေမပါဘဲ သူတို့မှာ အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခြေအနေမပေးပါဘူး။ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်မလုပ်ဘဲနဲ့ ဒီဘတ်ဂျက်တွေကိုလည်း သူတို့ ရလာစရာမရှိပါဘူး။

တော်လှန်ရေးအင်အားစုတွေဟာ ဒီအကူအညီပေးရေးအသိုင်းအဝိုင်းနဲ့ ကိုယ့်နည်းကိုယ့်ဟန် အသီးသီးညှိ နှိုင်းနေကြမယ် ဆိုရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာINGO တွေဟာ ဒေသခံအဖွဲ့အစည်းတွေကို သူတို့ရဲ့ လက်ဝေခံတွေအဖြစ် ဆက်ဆံပြီး သူတို့ထက် တစ်ဆင့်နှိမ့်ထားတဲ့ အနေအထားနဲ့ ဆက်ဆံလို့ရတဲ့ လူတွေကို ရွေးပြီးအလုပ်လုပ်ကြဖို့ ပိုပြီးလွယ်ကူသွားမှာပါ။ တကယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က အချင်းချင်း အချိတ်အဆက်ရှိကြမယ်၊ သတင်းအချက်အလက်တွေ ဝေမျှမယ်၊ ဘုံရပ်တည်ချက်ပေါ်မှာ လှုပ်ရှားဆောင်ရွက်ပြီး တစ်လေသံတည်း တောင်းဆိုမယ်ဆိုရင် ဒီအကူအညီပေးရေး အသိုင်းအဝိုင်းနဲ့ ဆက်ဆံရာမှာ မျက်နှာအောက်ချစရာမလိုပါဘူး။ သူတို့နဲ့ တန်းတူရပ်တည်နိုင်တဲ့ မိတ်ဖက်အနေနဲ့ ရပ်တည်နိုင်မှာဖြစ်ပြီး အကူအညီတွေကို ဘယ်လို သယ်ပို့ကြမလဲ ငွေကို ဘယ်လို ခွဲဝေသုံးစွဲမလဲဆိုတာကို ဆုံးဖြတ်ရာမှာ စီးပိုးတာ မခံရဘဲ ဆောင်ရွက်နိုင်ကြမှာပါ။

၂၆ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required