အရပ်ဘက်ဝန်ကြီးဌာနများသို့ မိုးကျ​ရွှေကိုယ်များ ထပ်မံပြောင်းရွှေ့နေ

အရပ်ဘက်ဝန်ကြီးဌာနများသို့ မိုးကျ​ရွှေကိုယ်များ ထပ်မံပြောင်းရွှေ့နေ

မဇ္စျိမ။ ။စစ်ကောင်စီ၏ ဝန်ကြီးဌာနများတွင် ရာထူးဝင်ယူကြသည့် မိုးကျရွှေကိုယ်များဟုခေါ်သော တပ်အရာရှိများသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရပ်ဘက်ဝန်ကြီးဌာနများသို့ မကြာခဏ ပြောင်းရွှေ့မှုများ ရှိလာသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနများသို့ ထပ်မံရောက်ရှိလာကြကြောင်း သိရသည်။

အစိုးရဝန်ထမ်းများ ခန့်ထားခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခြင်းများ ပြုလုပ်နေသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB)တွင် ဗိုလ်မှူးကြီးအဆင့်မှသည် ဗိုလ်ကြီးအဆင့်အထိ အရာရှိ ကိုးဦးကို ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ လက်ထောက်အင်ဂျင်နီယာရာထူးများဖြင့် ပြောင်းရွှေ့ခန့်အပ်ထားကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

ကျန်သည့် ဝန်ကြီးဌာနများတွင်လည်း ဗိုလ်မှူးကြီးအဆင့်ရှိသူကို ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗိုလ်မှူးအဆင့်ရှိသူကို လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်ကြီးအဆင့်ရှိသူကို ဦးစီးအရာရှိ စသည်ဖြင့် ခန့်အပ်ထားသည်။

မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြထားချက်များအရ ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့သူ ၁၃ ဦးထက်မနည်း ရှိသည်ကို တွေ့ရသည်။

“ဒီအချိန်ကတော့ သူတို့က လုပ်ချင်တာလုပ်မှာပေါ့။ အခုချိန်မှာတော့ သူတို့က အရပ်ဘက်ကို ပိုပြောင်းနေကြတယ်။ တပ်ထဲမှာနေရင် တစ်ချို့က သေမှာကြောက်ကြတယ်။ နောက်တစ်ခုက ထွက်သွားတဲ့ CDMတွေနေရာမှာ သူတို့က လူအင်အားဖြည့်လို့ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ ပြန်ပြီးတော့ အင်အားဖြည့်တာမျိုးလည်းဖြစ်နိုင်တယ်”ဟု နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုမှ CDM ဝန်ထမ်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့တွင်လည်း မိုးကျ​ရွှေကိုယ်များထည့်သွင်းထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required