ဘားတွေကလပ်တွေမှာ ရေပန်းစားနေတဲ့ E နဲ့ K (အယ်ဒီတာထံပေးစာ)

ဘားတွေကလပ်တွေမှာ ရေပန်းစားနေတဲ့ E နဲ့ K (အယ်ဒီတာထံပေးစာ)

ပြန်ပြောရင်ဓါတ်ပြားဟောင်းကြီးပြန်ဖွင့်တယ်ပဲပြောမလား။ ၂၀၂၁ ခု ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း ပေါ့ဗျာ။ လူတွေလည်းနှစ်မျိုးကွဲသွားကြတယ်။ စစ်ကောင်စီကိုထောက်ခံသူနဲ့ မထောက်ခံကြသူများ။ နောက်တစ်ခါလူငယ်တွေကြားမှာလည်း ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လေးနက်တဲ့လူငယ်တွေဆိုပြီး ကွဲပြန်ပါတယ်။

ဒီမှာလည်းပြဿနာက လေးလေးနက်နက်နဲ့နေမယ်။ စာကောင်းပေကောင်းတွေဖတ်မယ်။ နိုင်ငံရေးဗဟုသုတစာအုပ်တွေဖတ်မယ်၊ ရှယ်မယ်ဆိုရင် မင်းကဘာလဲ နိုင်ငံရေးသမားလား စစ်ဆေးမေးခံရမယ်၊ ရိုက်နှက်ခံရမယ်။ငွေညှစ်ခံရမယ်။ ဒီတော့ ရန်ကုန်မှာရှိတဲ့ လူငယ်တွေအများစုက ပေါ့ပေါ့နေပေါ့ပေါ့စားတွေဖြစ်ကုန်ရောဗျာ။

ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်ကိုသွားကြည့်လိုက်ပါ။ ဘီယာထိုင်သောက်နေတဲ့အဖွဲ့တွေရှိနေတယ်။ ဘောလုံးကန်နေတဲ့ အဖွဲ့တွေရှိနေတယ်။ဆောင်းဘောက်တွေ ဆူညံအောင်ဖွင့်ပြီး ကနေခုန်နေတဲ့ အဖွဲ့တွေရှိတယ်။

နောက်တစ်ခါ စနေ၊တနင်္ဂနွေနေ့မျိုးဆိုရင် စမ်းချောင်းလမ်းထဲကို လမ်းလျှောက်ကြည့်လိုက်ပါ။ ပဒုမ္ဓာပန်းခြံ ပတ်ပတ်လည်ကို ပတ်ကြည့်လိုက်ပါ။

အသက် ၁၄နှစ်အရွယ် ကလေးမလေးတွေ၊ ကောင်လေးတွေ မနက် ၉နာရီထဲက ဘားမဖွင့်သေးလို့ ပလက်ဖောင်းပေါ်မှာထိုင်စောင့်နေတာကို တွေ့ရလိမ့်မယ်။

ပြီးရင် ညနေ နေရီတရောအချိန် ရောက်ပြီဆိုရင် ရီတဲ့သူကရီ၊ ငိုတဲ့လူကငို၊ဆွဲမနိုင် ထိန်းမရဖြစ်တဲ့သူကဖြစ်။

လမ်းဘေးရပ်ထားတဲ့ကားတွေကို ဆောင့်ကန်တဲ့သူကတစ်ဖွဲ့ ၊အမြင်မရိုးအောင် တွေ့ရမှာဖြစ်တယ်။ သူတို့အားလုံးရဲ့အသက်တွေက အသက် ၁၄နှစ် အရွယ်နဲ့ အသက် ၁၈နှစ်ကြား အရွယ်တွေပဲဖြစ်နေပါတယ်။

ဒါတွေက သူတို့အခေါ် သာမန်သူတွေသွားလာနိုင်ကြတဲ့ ဒေးဘား(Day Bar)ဆိုင်တွေပဲ ဖြစ်ပါတယ်။ ဒီထက် အဆင့်မြင့်တဲ့ သူတွေအတွက်တော့ ဟိုတယ်အခန်းတွေကိုငှားပြီး ကဲကြရတဲ့ သီးသန့်ဘား တွေပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ Night Class, Bars တွေထက် တစ်ယောက်က ဦးဆောင်ပြီး လူစုပြီး သီးသန့်ဘားတွေ လုပ်ဆောင်လာကြပါတယ်။

''အခန်းတစ်ခန်းကို အရင်ငှါးလိုက်တယ်၊ ပြီးရင်လူစုတယ်၊ နောက်တော့ ဒီဂျေငှားပြီး ထည့်လိုက်တယ် ။ ဒါဆို လွတ်လွတ် လပ်လပ်ကဲလို့ရတဲ့ဘားဖြစ်သွားတာပေါ့။ ပြဿနာလည်းမတက်ဘူး။သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်စုပြီး ပျော်လို့ရတာပေါ့ ။တစ်ညလုံးစိတ်ကြိုက်ကဲ ။ မနက် ၄နာရီမှပြန်ရတာ။ ဟိုတယ်ကလည်း တံခါးမဖွင့်ပေးဖူး'' လို့လဲ မိတ်ဆွေတစ်ယောက်က ဆိုပါတယ်။

ဘားဆိုတဲ့အတိုင်း မူးယစ်ဆေးဝါးအနည်းငယ်ပါဝင်ပြီး အထူးသဖြင့် ဘားတွင်လာရောက်ပျော်ပါးသူတွေဟာ အရက်ဘီယာ၊ WYတွေထက် ခုနောက်ပိုင်းလူငယ်တွေကြား ရေပန်းစားလာတဲ့ Ecstasy ခေါ် E နှင့် ထိုင်းနိုင်ငံမှာ K-powdered milk လို့ခေါ်တဲ့ တရားမဝင် စပ်ဆေးတစ်မျိုးကို သုံးစွဲလာကြတာပါ။

''ဘာကြောင့် ကေနဲ့အီးကို သုံးရတာလည်းဆိုရင် သူက တခြားမူးယစ်ဆေးဝါးတွေလိုမဟုတ်ဘူး။ မတော်တဆ ဖမ်းမိလို့စစ်ရင်လည်း သုံးရက်လောက်ဆိုရင် သွေးထဲမှာဘာမှမကျန်တော့ဘူး။ ဘိန်းဖြူတို့ ဆေးခြောက်တို့ WYတို့ကျတော့ သွေးထဲမှာ ကျန်နေတယ်လေ။ ဒါကြောင့် ဘားမှာက အီးနဲ့ကေကိုသုံးကြတာ''လို့ ဘားတစ်ခုမှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပြပါတယ်။

K-powdered milk လို့ခေါ်တဲ့ မူးယစ်ဆေးဝါးဟာ အဖြူရောင်အမှုန့်တစ်မျိုးဖြစ်ပြီး တစ်ထုပ်ကို ရှစ်သောင်းဝန်းကျင်ရှိပြီး လူငယ်များစုက ပျော်ရွှင်ပွဲပါတီ မူးယစ်ဆေးအဖြစ် သုံးစွဲလာကြတာပါ။ ခေါင်းခါဆေးလို့လည်း ခေါ်တဲ့ E ကတော့ တစ်ခဲကို ခုနစ်သောင်းခွဲ ပေါက်ဈေးရှိနေပြီး အဲဒီဆေးတွေကို ဒီဂျေပွတ်တဲ့သူတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း သူတွေဆီမှာသာ ရနိုင်တယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်လမ်းမတွေပေါ်မှာ ဘားတွေ ကလပ်တွေက ပိုများလာတယ်။ အရင်က ကိုဗစ်မဖြစ်ခင်ကာလနဲ့ အာဏာမသိမ်းခင်ကာလတွေမှာလည်း ရှိတယ်။ အဲဒါတွေက Day ကလပ် ဒါမှမဟုတ် Night ကလပ်ဆိုပြီးရှိတာ။ အခုတော့ ဒါမျိုးမဟုတ်တော့ဘူး အဲဒါတွေအပြင် ဟိုတယ်တွေကလည်း နားလည်မှုတွေနဲ့အတူ အခန်းကျယ်တွေမှာ သီးသန့်ကလပ်ဆိုပြီး ထည့်လာကြတယ်။ ဆိုပါတော့ဗျာ မိသားစုအခန်းကျယ်တစ်ခုကို ဧည့်သည်တစ်ညတည်းရင် ငါးသောင်းခွဲပဲရမယ် ။ အဲဒါကို ကုတင်တွေဘာတွေအားလုံးထုတ်လိုက်ပြီး ဒီဂျေစက်တစ်လုံးနဲ့ ဒီဂျေတီးသမားတစ်ယောက်ငှားပြီး ထည့်လိုက်ရင် ဘားဖြစ်သွားတာပေါ့ ။ဒါမျိုးတွေက အခုပိုပေါ်လာတယ်။

အရင်ကတော့ ဘားတွေမှာ အသက်အရွယ်ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာ ကလေးတွေတော့ လက်မခံဘူး၊ လူပေါင်းစုံတော့လာနေကြတာ။ အခုက မှတ်ပုံတင်ကြည့်ပြီး အသက်ပြည့်မပြည့်မပြောနဲ့ ပုံစံကြည့်တာနဲ့တင် ကလေးတစ်အုပ် ဝင်ကစားနေသလို ဖြစ်နေတယ်။

ဘားတွေမှာ လုံခြုံရေးတွေက အမျိုးသားအမျိုးသမီးတွေ ထားကြာတာပဲ။ဒါပေမယ့် သူတို့တာဝန်က ပြဿနာဖြစ်မှပဲ ။မဖြစ်လို့ကတော့ ဘယ်သူဝင်ဝင် လက်ခံကြတာပဲ။

နောက်တစ်ခုကလည်း လူငယ်တွေတော်တော်များများက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ တစ်ချို့ကလည်း ပြည်ပထွက်ဖို့ သင်တန်းတွေအကြောင်းပြပြီး စမ်းချောင်းတစ်ဝိုက်မှာ နေထိုင်ကြ၊တက်ကြတယ်။

ပြီးရင် ဘားတွေတက်ကြနဲ့ နေကြတာတွေက များလာတယ်။ ကြည့်လိုက်ရင် ပေါ့ပေါ့နေ ပေါပေါ့စားတွေပေါ့။ ပလက်ဖောင်းပေါ်မှာ အုပ်စုလိုက်ထိုင်နေကြတယ်။ လမ်းအပြည့်တွေ။ မတော်တဆ သွားထိရင် လူကြီးလူငယ်နားမလည်ဘူး။ဘုကြည့်ကြည့်ကြတာ။ အုပ်စုလိုက်ကလေးတွေ။အသက်အရွယ်အားဖြင့် ၁၈နှစ်လောက်ပဲ ဖြစ်နေတာ။

''ကျွန်တော်တော့မသုံးဖူးဘူး သူတို့သုံးနေတာက ဒီမူးယစ်ဆေးတွေမသုံးရင် ဘားမှာလာရတာအလကားပဲပေါ့ဗျာ၊ (ကေ)ကိုရှူလိုက်တယ်ဆိုရင် နတ်ပြည်တက်သွားသလို ငြိမ်ပြီးတော့နေတယ်၊ ပျော်လာတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေ ရောက်သွားတယ်။ အဲဒီလိုခံစားရတာဗျ၊ နောက်ပြီးတော့ (အီး)လို့ခေါ်တဲ့ဆေးက အခဲ။ စသုံးမယ်ဆိုရင် တစ်စိတ်လောက်ပဲစသုံးရတာ ။အံသွားထဲမှာညှပ်ထားရတယ်။ သောက်လို့လည်း ရတယ်။ သူကျတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်တော့ဘူး။ ခေါင်းပဲခါနေတာ ဒီဂျေတီးလုံးအလိုက် လုံးဝမနားဘူး မရပ်ဘူး ဆေးမပြယ်မခြင်း ခေါင်းပဲခါနေတာ”လို့ ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့တွင်းမှာရှိတဲ့ လူငယ်အများစု ဘားတွေကလပ်တွေမှာ အချိန်ကုန် ၊ မူးယစ်ဆေးဝါးတွေသုံးနေကြပေမယ့် ဖမ်းဆီးမှုမရှိသလောက်ဖြစ်နေပြီး ဖွင့်ထားတဲ့ ဘားဆိုင်တွေမှာလည်း အသက် ၁၈နှစ်ပြည့်မှ ဝင်ရောက်ခွင့်ရှိတယ်ဆိုပေမယ့် ဆိုင်ခန်းခ၊ လိုင်းကြေးနဲ့ တခြားဆက်ကြေးတွေ ပေးဆောင်ဖို့ လာသမျှလူကို ခွင့်ပြုနေတဲ့သဘော ဖြစ်လို့နေပါတော့တယ်။

ထွန်းမောင်(စမ်းချောင်း)

စာတည်း- ဖူးသိမ်ကျ

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly