ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကြောင့် အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးမည်ကို ဒေသခံ ငါးဖမ်းသမားများ စိုးရိမ်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကြောင့် အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးမည်ကို ဒေသခံ ငါးဖမ်းသမားများ စိုးရိမ်

ဒီဇင်ဘာလ ၂၅ ရက်

တရုတ်အစိုးရသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို ထူထောင်ရန် ၂၀၁၈ ခုနှစ်တွင် မြန်မာနှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း CMEC ကို လည်ပတ်ရန် စီမံကိန်း ၃၃ ခုကို ခွဲခြားရွေးထုတ်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ရေနက်ဆိပ်ကမ်းဖြစ်သည့် ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် (KPSEZ) ဖော်ဆောင်မှု ပါဝင်သည်။ တရုတ်ကုမ္ပဏီ CITIC Myanmar Port Investment Limited နှင့် KPSEZ စီမံခန့်ခွဲမှုကော်မတီအကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း ကုမ္ပဏီ လီမိတက်က စီမံကိန်းကို ဖော်ဆောင်မည် ဖြစ်သည်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး ပဋိပက္ခ ရှိနေသော်လည်း တရုတ်သည် အနောက်အုပ်စုနိုင်ငံအများအပြား ထွက်ခွာသွားခြင်းကြောင့် ကျန်ခဲ့သည့် ကြီးမားသော စီးပွားရေးဟာကွက်တစ်ခုကို ဆက်လက်ဖြည့်တင်းနေသည်။ သို့သော် ယင်းသည် တရုတ်က မြန်မာအပေါ် စေတနာရှိ၍တော့ မဟုတ်ပေ။ ပေကျင်းသည် KPSEZ နှင့် ရေနက် ဆိပ်ကမ်းကို အထူးသဖြင့် ခါးပတ်လမ်း စီမံကိန်း (BRI) အတွက် အလွန်အရေးပါသည်ဟု ရှုမြင်သည်။ ထိုစီမံကိန်းက တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ဝင်ထွက်အသုံးပြုခွင့် ရစေမည် ဖြစ်သလို တရုတ်၏ ကုန်သွယ်မှုကို စင်္ကာပူအနီး အသွားအလာများသော မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ခွင့် ရစေမည် ဖြစ်သလို တစ်ချိန်တည်းမှာပင် မြန်မာနှင့် နယ်စပ်ဖြစ်သည့် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ရှိ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။ မြန်မာတွင် တရုတ်သည် ပစိဖိတ်ဒေသရှိ ယင်း၏ ဩဇာလွှမ်းမိုးမှုကို ကျော်လွန်ပြီး ယင်း၏ ပင်လယ်လုပ်ပိုင်ခွင့်ဩဇာကို သိသိသာသာ ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်သည်။

မြန်မာဆာဗေးသုတေသန (MSR) သည် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ကျောက်ဖြူ SEZ အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သက်ရောက်မှု အကဲဖြတ်မှုများကို လုပ်ဆောင်ထားခဲ့ပြီး အကဲဖြတ်မှုကို ၂၀၂၃ ဇူလိုင်လတွင် အပြီးသတ်ရန် စီစဉ်ထားသည်။ ၂၀၂၃ ဇူလိုင်လနောက်ပိုင်းတွင် စီမံကိန်းတည်ဆောက်မှု စတင်မည်ဖြစ်သည်။ ရေနက် ဆိပ်ကမ်း စီမံကိန်းကို အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်မည်ဖြစ်ပြီး ဒေါ်လာ ၇ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

သို့သော် စီမံကိန်း စတင်မှုက ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရရန် ရှိနေသည်။ ငါးသယံဇာတများ အကြီးအကျယ် လျော့နည်းနေခဲ့ခြင်းနှင့်အတူ ပင်လယ် ရေနက်ဆိပ်ကမ်းက ဒေသခံငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကျောင်းများကို အကြီးအကျယ် ထိခိုက်စေဖွယ် ရှိကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ အောက်တိုဘာ ၂၇ ရက်တွင် တက်ကြွလှုပ်ရှားသူများသည် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် သတ်မှတ်ထားသည့် မဒေးကျွန်းအနီး သံဇစ်မြစ်ရှိ စီမံကိန်းကို ဆန့်ကျင်သည့် ကမ်ပိန်းတစ်ခုကို စီစဉ်ခဲ့ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အလေးပေး ထုတ်ဖော်ခဲ့ကြသည်။ ဒေသခံ ငါးဖမ်းသမားများကို လေးစားရန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း ဖော်ဆောင်မှုကို ချက်ချင်း ရပ်ဆိုင်းရန် ကမ်းပိန်းက တောင်းဆိုခဲ့သည်။ ယင်းစီမံကိန်းသည် ဒေသခံများ၏ အများသဘောဆန္ဒမပါဘဲ အစပျိုးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဒေသခံ ငါးဖမ်းသမားများနှင့် ဒေသခံများ၏ မကျေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းထားခြင်း မရှိကြောင်း ယင်းကမ်ပိန်းက ပြောသည်။

မဒေးကျွန်းတွင် အကောင်အထည်ဖော်ပြီး တရုတ်က ထောက်ခံခဲ့သည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတစ်ခုသည် ဒေသခံ ငါးဖမ်းသမားများအတွက် ကောင်းကျိုး မရှိစေဘဲ ထိခိုက်နစ်နာစေရုံသာ ဖြစ်နေခဲ့ကြောင်း အရပ်ဖက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု စင်တာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ထိုအဖွဲ့သည် ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် နီးနီးကပ်ကပ် ဆက်စပ်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို စောင့်ကြည့်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။ အစိုးရသည် ၂၀၁၇ ခုနှစ်က ငါးဖမ်းသမားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့သည် အသက်မွေးမှုဝမ်းစာအတွက် ကျန်ရှိနေသည့် ၅၀ ရာခိုင်နှုန်းအပေါ်တွင်သာ မှီခိုအားပြုရလိမ့်မည် ဖြစ်သည်။

တရုတ်နှင့် ယင်း၏ ပိုမိုသေးငယ်သည့် BRI ပါတနာ မြန်မာအကြား အချိုးမညီသော ဆက်ဆံရေးက သက်ဆိုင်ပတ်သက်သူများအတွက် နိုင်ငံရေးဆိုင်ရာ စွန့်စားရမှု အန္တရာယ်အမျိုးမျိုးကို ဖြစ်ပေါ်စေဖွယ် ရှိသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တည်ရှိသည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ် အထူးစီးပွားရေးဇုန်ကို ခါးပတ်လမ်း စီမံကိန်းတွင် စွန့်စားရမှုအန္တရာယ်များဆိုင်ရာ ဖြစ်စဉ်လေ့လာချက်တစ်ခုအဖြစ် စုံစမ်းစစ်ဆေးနေသည်။ မြန်မာအနေဖြင့် အနာဂတ်တွင် တရုတ်က မည်သို့မည်ပုံ ဩဇာအရှိန်အဝါ သုံးမည်လဲ ဆိုသည့်အပေါ် သတိရှိရလိမ့်မည်ဖြစ်ပြီး BRI နှင့်ဆက်စပ် စီမံကိန်းများနှင့်အတူ ပါလာသည့် အန္တရာယ်များကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။

 

Fishermen in Myanmar fear loss of livelihood due to China-backed Kyaukphyu Deep Sea-Port

 

(ကိုလူအေး ဘာသာပြန်သည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly