ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများကို လာမည့်သီတင်းပတ်တွင် အပြီးသတ်အမိန့်ချမှတ်နိုင်

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများကို လာမည့်သီတင်းပတ်တွင် အပြီးသတ်အမိန့်ချမှတ်နိုင်

ဒီဇင်ဘာလ ၂၅ ရက်

ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ လကြာ အမှုရင်ဆိုင်ရမှုကာလအတွင်း သူမ စွပ်စွဲခံထားရသည့် အမှုများအနက် နောက်ဆုံးကျန်နေသည့် လက်ကျန်အမှုများကို အာဏာသိမ်းစစ်ကောင်စီ တရားရုံးတစ်ခုက လာမည့်သီတင်းပတ်တွင် အပြီးသတ် ဆုံးဖြတ်ချက်များ ချမှတ်ကြေညာသွားနိုင်သည်။ ယင်းသည် ဒီမိုကရေစီ ပြယုဂ် ပုဂ္ဂိုလ်တစ်ဦးနှင့် စစ်တပ်အကြား ဆယ်စုနှစ်များစွာကြာ တိုက်ပွဲ၏ နောက်ဆုံးအခန်း ပိတ်သိမ်းခြင်းလည်း ဖြစ်သည်။

အသက် ၇၇ နှစ်အရွယ် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုမှစပြီး လမ်းလျှောက်စကားပြောစက်များ တရားမဝင် တင်သွင်းမှု နှင့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအထိ စွဲချက် ၁၄ ခု အတွက် အပြစ်ရှိသည် ဆိုပြီး စစ်ကောင်စီတရားရုံးက ဆုံးဖြတ်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးအမှုရင်ဆိုင်ရမှု စတင်ပြီးကတည်းက သူမကို စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည့် တရားခွင်တစ်ခုမှ မှုန်ဝါးဝါး ဓာတ်ပုံများတွင်သာ တစ်ကြိမ် မြင်တွေ့ထားခဲ့ရပြီး သူမသည် ကမ္ဘာကို သတင်းစကားများ တစ်ဆင့်ပါးရန် ရှေ့နေများကို အားကိုးထားခဲ့ရသည်။

ဆယ်စုနှစ်များစွာကြာ သူမ လွှမ်းမိုးထားခဲ့သည့် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအတွင်းမှ အများအပြားသည် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးဆိုသည့် အခြေခံမူကို စွန့်ပယ်ထားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များသည် နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်လျက် ရှိနေပြီ ဖြစ်သည်။

နိုင်ငံသည် ယမန်နှစ်က စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်းကတည်းက ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်အမှုများဖြစ်သည့် အဂတိအမှု ငါးမှုအတွက် အပြီးသတ် လျှောက်လဲတင်ပြမှုများကို ဒီဇင်ဘာ ၂၆ ရက်တွင် လျှောက်လဲသွားရန် ရှိနေပြီး ထို့နောက် ဆုံးဖြတ်ချက်အမိန့်များ ကြေညာလာဖွယ် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံခါးပိတ် တရားရုံးစစ်ဆေးမှုတစ်ခု အပါအဝင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပြီး စစ်ကောင်စီ တရားရုံးက သူမကို ထောင်ဒဏ် ၇၅ နှစ်အထိ ထပ်ပေါင်းချမှတ်နိုင်သည်။ သူမကို တရားရုံးစစ်ဆေးစီရင်မှုများက အတုအယောင်သာ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။

စစ်ကောင်စီဘက်က သူမအပေါ် နောက်ထပ် စွဲချက်အမှုများဖြင့် ထပ်တိုးဖိအားပေးလာဖွယ် မရှိဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ မှ ရစ်ချတ် ဟော့ဆေးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် လာမည့်နှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရမှု ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားများနှင့် လာမည့်နှစ်လယ်ပိုင်းတွင် ကျင်းပဖွယ် ရှိသည့် ရွေးကောက်ပွဲများအပေါ်တွင် အာရုံစိုက်သွားရန် ဆန္ဒရှိနေသည်ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

သို့သော် ရွေးကောက်ပွဲများ ပြီးပါက ဖြစ်နိုင်ခြေရှိသည်က စစ်အုပ်စုဘက်က ဒေါ်အောင်ဆန်းစုကြည်ထံ ချဉ်းကပ်ညှိနှိုင်းလာနိုင်ပြီး အတိုက်အခံများကို သဘောကွဲစေရန် ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများကို အသုံးချရန် ကြိုးပမ်းလာနိုင်ကြောင်း ဟော့ဆေးက ပြောသည်။

တရားရုံးအမှုစစ်ဆေးစီရင်မှုများ ပြီးပြတ်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မမျှော်လင့်ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးနိုင်သည့် ဖြစ်နိုင်ခြေ အလားအလာတစ်ခု ရှိကြောင်း အကဲခတ်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်အောင်က ပြောသည်။

“လူမှုဆိုင်ရာ တင်းမာမှုတွေနဲ့ လျော့ကျစေဖို့နဲ့ လက်နက်ကိုင် ခုခံတော်လှန်မှုတွေကို တားဆီးရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အာဏာသိမ်းစစ်အုပ်စုက သေချာပေါက် ရှုမြင်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ လူကြိုက်များဆဲဖြစ်သော ခေါင်းဆောင်ဟောင်းအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် လွတ်လပ်မှုအတွက် ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မည်လား ဆိုသည်က အမျိုးမျိုးထင်ကြေးပေး မှန်းဆကြသည့် ကိစ္စတစ်ခုဖြစ်သည်။

“နိုင်ငံရေးမှာ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး” ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက အေအက်ဖ်ပီကို ဇူလိုင်လက ပြောသည်။ အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အကျပ်အတည်းမှ လွတ်အောင် ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခု ရှာရန် စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် စဉ်းစားသွားမည်လားဟု မေးမြန်းမှုကို ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

‘အတုအယောင် ရွေးကောက်ပွဲများ’

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နေပြည်တော်ရှိ ခြံဝန်းတစ်ခုထဲတွင် သူမ အမှုရင်ဆိုင်စစ်ဆေးခံနေရသည့် အချုပ်ထောင်တရားခွင်အနီး အကျဉ်းချခံထားရသည်။ သူမ၏ အိမ်အကူလုပ်သားများနှင့် အချစ်တော်ခွေးလေး ထိုက်ချီဒိုတို့နှင့်လည်း အတူ ရှိခွင့်မရပေ။

“အနည်းဆုံးတော့ ၂၀၂၃ ရွေးကောက်ပွဲ မပြီးမချင်း သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို စစ်ကောင်စီက အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးမယ်လို့ ကျွန်မ မထင်ပါဘူး” ဟု ဩစတြေးလျ ကာတင် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲများ နိုင်ပြီးနောက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ခန့် ချခံရမှုတွင် နေထိုင်ခဲ့သည့် ရန်ကုန်ရှိ ကိုလိုနီခေတ် ကန်ဘေး နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားခွင့်ကို စစ်ဗိုလ်ချုပ်ကြီးများက ပေးဖွယ် မရှိကြောင်း ဟော့ဆေးက ပြောသည်။

ထိုစဉ်အချိန်က ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥယျာဉ်ခြံ တံတိုင်းမှ အများပြည်သူကို ပုံမှန် မိန့်ခွန်းပြောကြားခဲ့ပြီး အာဏာရှင်ဆန်သော စစ်တပ်အုပ်ချုပ်မှုအပေါ် သူမ၏ ငြိမ်းချမ်းစွာ ဆန့်ကျင်မှုကြောင့် ကမ္ဘာသိ ဒီမိုကရေစီ icon တစ်ဦး ဖြစ်လာခဲ့သည်။

လက်ရှိ မြန်မာအာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတိုင်းသည် အတုအယောင်တစ်ခုသာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောသည်။

စစ်ကောင်စီ၏ အဓိကမဟာမိတ်၊ လက်နက်ပေးသွင်းရောင်းချသူနိုင်ငံ ရုရှားကမူ လာမည့်နှစ်တွင် ရွေးကောက်ပွဲများ ကျင်းပမည့် စစ်တပ်၏ အစီအစဉ်ကို ထောက်ခံကြောင်း ပြောသည်။

တရုတ်၊ အိန္ဒိယနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်းများကလည်း ထောက်ခံကြောင်း ပြနိုင်ကြောင်း အကဲခတ်များနှင့် သံတမန်သတင်းရင်းမြစ်များက ပြောသည်။

သို့သော် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအနက် အများအပြားသည် စစ်ကောင်စီ၏ သတ်မှတ်ချက်များအတိုင်း ဝင်ပြိုင်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သော တပ်ဖွဲ့များ၏ လက်တုံ့ပြန်လာနိုင်ခြင်းကို ရင်ဆိုင်မည့်အစား ရွေးကောက်ပွဲများကို သပိတ်မှောက်သွားနိုင်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly