သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေခြင်းက မထူးဆန်းသလိုဖြစ်လာ

သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေခြင်းက မထူးဆန်းသလိုဖြစ်လာ

တရုတ်နိုင်ငံတွင် စီးပွားရေးအကျပ်အတည်းများ၊ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအကျိုးသက်ရောက်မှုနှင့် ရုတ်တရက်ဖြေလျှော့မှုများ လုပ်ဆောင်နေချိန်တွင် သမ္မတရှီကျင့်ဖျင်က နိုင်ငံ၏တိုးလာသောစစ်ရေးအင်အားကို ပြသနေသလို ဒေသတစ်ဝန်း တရုတ်စစ်တပ်၏တစ်ဟုန်ထိုးလှုပ်ရှားမှုများဖြင့် တစ်နှစ်လုံးရန်စမှုများ လုပ်ဆောင် လာသည်မှာ နောက်ဆုံးလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ စစ်လက်ရုံးဖြစ်သော တရုတ်စစ်တပ်သည် ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် ( ADIZ) ၏လေပိုင်နက်သို့ ဝင်ရောက်ခြင်း၊ ဟိမဝန္တာနယ်စပ်ဒေသတွင် အိန္ဒိယတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ခြင်း၊ ဂျပန်အနီးတွင် စစ်ရေးလေ့ကျင့်ခြင်းနှင့် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုများသည် တရုတ်စစ်တပ်ကို မွမ်းမံရန်နှင့်ခေတ်မီစေရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေသော ရှီ၏ စစ်ဝါဒီဆန်သော အုပ်ချုပ်မှုအောက်တွင် ပုံမှန်အခြေအနေသစ် လက္ခဏာ ဖြစ်လာသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

တရုတ်စစ်တပ်၏ကွပ်ကဲရေးဌာနချုပ် ၅ ခုအနက် ၃ ခုသည် ၎င်းတို့သတ်မှတ်ထားသော လှုပ်ရှားမှု ဧရိယာများဝန်းကျင်ကို ဗဟိုပြုသည့် စစ်ဆင်ရေးများတွင် ပါဝင်နေပြီး အထင်ကြီးရလောက်သည့် စွမ်းဆောင်မှုဖြစ်ကြောင်း ကာကွယ်ရေးဆိုင်ရာ အလွတ်တန်းလေ့လာသုံးသပ်သူ ဘန်လဲဝစ်က ပြောသည်။

“တရုတ်စစ်တပ်ဟာ တိုးတက်မှုဖြစ်စဉ်တွေမှာ ဘယ်လောက်အတိုင်းအတာထိရောက်နေလဲဆိုတာ ရှင်းရှင်း လင်းလင်းပြသလိုက်တာဖြစ်ပြီးတော့ ဒါဟာ သူ့ရဲ့ အလှမ်းကျယ်လှတဲ့ရည်မှန်းချက်တွေကို တစ်ပြိုင်နက်တည်း အထောက်အကူဖြစ်အောင် စစ်ဆင်ရေးလုပ်ဆောင်လိုတဲ့ဆန္ဒကို အခြေခံထားတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘန်လဲဝစ်က ပြောသည်။

တရုတ်စစ်တပ်သည် ဒီဇင်ဘာ ၂၁ ရက်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ စစ်လေယာဉ် ၃၉ စင်းနှင့် ရေတပ်သင်္ဘော ၃ စင်းစေလွှတ်ခဲ့ပြီး ထိုင်ဝမ်၏ အရှေ့တောင်ဘက်ဝန်းကျင်ရှိ လမ်းကြောင်းသို့ အများအပြား ဝင်ရောက်ခဲ့သည်။

နျူကလီးယားသယ်ဆောင်နိုင်သော H-6 ဗုံးကြဲလေယာဉ် ၁၆ စင်းကလည်း ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဝင်ရောက်ခဲ့သေးသည်။

ထိုင်ဝမ်နှင့်ဂျပန်အကြားရှိ အိုဆူမိနှင့် မီယာကို ရေလက်ကြားများကိုဖြတ်လျက် ဖိလစ်ပိုင်ပင်လယ်ပြင်သို့ မကြုံစဖူး ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်းလည်း တရုတ်နိုင်ငံပိုင်မီဒီယာက ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly