အနန့်ပါ သွေးစွန်းခြင်း (ဒါမှမဟုတ်) စေတန်၏ ရက်စက်ယုတ်မာမှု

အနန့်ပါ သွေးစွန်းခြင်း (ဒါမှမဟုတ်) စေတန်၏ ရက်စက်ယုတ်မာမှု

ဒီဇင်ဘာလ ၂၅ ရက်

ဆောင်းဦးရာသီရဲ့ ညနေပိုင်းမှာ ရာသီဥတုက အေးစိမ့်စပြုနေပြီဖြစ်သည်။ သာသာယာယာရှိနေတဲ့ ရာသီဥတုအောက်မှာ အနန့်ပါကျေးရွာရဲ့ ရွာအလယ်မှာတည် ဆောက်ထားတဲ့ ဟောခန်းမှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ အကြိုတေးဂီတဖျော်ဖြေပွဲကို KIO / KIA အမှုထမ်းတွေဟာ အရပ်သားပြည်သူတွေ၊ အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တချို့နဲ့အတူ ပျော်ရွှင်စွာကျင်းပနေခဲ့ကြသည်။

ကချင်လူထုအကြား နာမည်ကျော်လူကြိုက်များတဲ့ အနုပညာရှင် ရော့ခ်အဆိုတော် အော်ရာလီက စင်ပေါ်မှာ သီချင်းဆိုနေတဲ့အချိန် ပရိသတ်တွေကလည်း အော်ရာလီရဲ့ “Sak Jaw Salum” မြန်မာလိုဘာ သာပြန်ရရင် (ပေးဆပ်တဲ့ နှလုံးသား) လို့အမည်ရတဲ့ ကချင်တေးသီချင်း သီဆိုမှုအောက်မှု အဆိုတော်နဲ့ ပ ရိသတ်တွေက စည်းချက်ကြကြ ပျော်ရွှင်စွာ ဝိုင်းဝန်းသီဆိုရင်း သီချင်းသီဆိုမှုအောက်မှာ လိုက်ပါစီးမျော နေခဲ့ကြသည်။

အဲဒီအချိန်မှာပဲ “ ဝုန်းခနဲ ဝုန်းခနဲ " ကျယ်လောင်တဲ့ အသံများနှင့် ရုတ်တရက်ဆိုသလို အဆိုတော် အော်ရာလီနဲ့ ပရိသတ်တွေဟာ ဖရိုဖရဲ လွင့်စင်သွားသည်။ ဂီတသံစဥ်တွေနဲ့ စည်းချက်ကြကြပျော်ရွှင်နေတဲ့ နေရာဟာ စက္ကန့်ပိုင်းအတွင်းမှာပင် သွေးသံတရဲရဲနဲ့ ငိုကြွေးဝမ်း နည်းဖြစ်ရတဲ့ အနိဋာရုံမြင်ကွင်းကို ချက်ချင်းပြောင်းလဲသွားရပါတော့သည်။

ဒီဖြစ်စဥ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ ့ည ဖားကန့်မြို့နယ် အနန့်ပါကျေးရွာကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဥ် သုံးစင်းနဲ့ ဗုံးကြဲသွားခဲ့တဲ့အချိန် အသက်ဘေးမှ လွတ်မြောက်လာခဲ့တဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးက သူမြင်တွေ့ခဲ့တဲ့ မြင်ကွင်းတွေကို ပြန်ပြောင်းပြောပြခဲ့တာပါ။

စစ်စခန်းမဟုတ်တဲ့ အနန့်ပါ (A Nang Pa)ကျေးရွာ

အနန့်ပါဖြစ်ရပ်ဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ လ ၂၅ ရက်နေ့တွင် ကေအိုင်အို ဗဟိုကော်မတီဝင်၊ ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့် ကချင်ပြည်သူလူထုနဲ့ မြန်မာပြည်သူအားလုံးကို “အနန့်ပါဟာ ကေအိုင်အေတပ်စခန်းမဟုတ်ပါ။ တပ်ခရီးသွားများ ခေတ္တနားကြသော ဈေးဆိုင်တန်း စ ခန်းငယ်သာဖြစ်ပါသည်" ဟု သတင်းစကား ထုတ်ပြန်လာခဲ့ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ မြန်မာနိုင်ငံရေး၏ ထူးခြားဖြစ်ရပ်များနဲ့ ပတ်သက်လာရင် အခုလို အမြဲတစေ လေးလေးနက်နက်ရေးသားပြီး မှတ်ချက်ပြုလေ့ရှိသည်။

အနန့်ပါကျေးရွာဟာ ကေအိုင်အေတပ်မဟာ (၉) ဌာန ချုပ်နယ်မြေအနီး၊ စစ်ကောင်စီရှေ့တန်း တပ်စခန်းနဲ့ ကေအိုင်အေရှေ့တန်း တပ်စခန်းကြား အရပ်သားပြည်သူတွေသာ နေထိုင်တဲ့ကျေးရွာဖြစ်ပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ခရီးသွားလာသူတွေ ခရီးတထောက်နားကြလေ့ရှိတဲ့ ကျေးရွာတစ်ခုသာ ဖြစ်သည်။ ကေအိုင်အေ တပ်စခန်းမဟုတ်မှန်း သိရှိထားပေမယ့် အစုလိုက်၊ အပြုံလိုက် သေကျေရန် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အိုကထုတ်ပြန်ထားသည်။

အနန့်ပါ (A Nang Pa) လို့ အမည်ပေးထားတဲ့ရွာဟာ ဥရုချောင်းဖျားနဲ့ အနန့်ချောင်းတို့ ဆုံတဲ့ မြေပြန့်နေရာဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာလည်း စိမ်းစိုနေသေးတဲ့ တောင်တန်းကြီးတွေရှိသည်။

စစ်ပွဲတွေ မဖြစ်ခင်က အနန့်ပါကျေးရွာသည် အခုထက် လူနေအိမ်ခြေများခဲ့တဲ့ ကျေးရွာကြီးဖြစ်သည်။

တစ်ကျော့ပြန်စစ်ပွဲတွေ ပြင်းထန်လာချိန် ၂၀၁၃ ခုနှစ် နောက်ပိုင်းတော့ အနန့်ပါကျေးရွာ ပြည်သူအများစုက လက်ရှိ ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်သို့ ပြောင်းရွှေ့နေထိုင်သွားတဲ့အတွက် အနန့်ပါကျေးရွာတွင် အိမ်ခြေ ၃၀ လောက်ကသာ ရှေးရိုးရာ တောင်ယာလုပ်ပြီး စျေးရောင်းကာ နေထိုင်နေကြသေးကြောင်း ဒေသခံ Kachin Waves က သတင်းဖော်ပြထားသည်။

၂၀၁၆ ခုနှစ်အထိတော့ အနန့်ပါကျေးရွာကနေ တစ်နာရီလောက်သွားရတဲ့နေရာမှာ ကေအိုင်အေတပ်မဟာ (၉) လက်အောက်ခံ ကေအိုင်အေတပ်ရင်း (၆)က စစ်သင် တန်းပေးတဲ့ နေရာရှိခဲ့ပေမယ့် ၂၀၁၆ နောက်ပိုင်းတော့ ၎င်းကေအိုင်အေ စစ်သင်တန်းကျောင်းနေရာလည်း ပြောင်းသွားပြီဖြစ်သည်။

အနန့်ပါ တိုက်ခိုက်ခံရမှာကို ကေအိုင်အေ ထောက်လှမ်းရေးအဖွဲ့က သတင်းမထောက်လှမ်းနိုင်ခဲ့တာလား။

စစ်ကောင်စီ လေတပ်ရဲ့ အနန့်ပါ တိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေထဲ ကေအိုင်အေ တပ်မဟာမှူး၊ ဒုတပ်မဟာမှူးတွေ ပါဝင်ကြောင်း မဇ္ဈိမက စုံစမ်းသိရရှိရသည်။ ဒါ့အပြင် KIA တပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေ PDF တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်အသက်သေဆုံးမှုရှိခဲ့သည်။

Kaichyan (ကိုင်ကြမ်း) လို့ ကချင်လိုခေါ်ဝေါ်တဲ့ ကေအိုင်အေထောက်လှမ်းရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်က အခုလိုလာရောက်တိုက်ခိုက်မှာကို ကြိုတင်ထောက်လှမ်းနိုင်ဖို့ အားနည်းခဲ့သည်။

အနန့်ပါဒေသသည် တပ်မဟာ (၉) ဌာနချုပ်နှင့် အလှမ်းကွာဝေးပြီး ရွာအနီးပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွာနေခြင်း မရှိတဲ့အတွက် အခုလိုအတိုက်ခိုက်ခံရမှာကို မရိပ်မိခဲ့ခြင်းဖြစ်တယ်လို့ ကေအိုင်အေအရာရှိတွေက ဆိုကြသည်။

ကေအိုင်အေ ထောက်လှမ်းရေးနဲ့ ရှေ့တန်းတပ်ဖွဲ့များအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းကင်းထောက်လှမ်းမှုကို ကနဦးစုံစမ်းသိရှိခဲ့ရပေမယ့် စစ်ရေးနည်းဗျုဟာအရ အချက်အချာကျနိုင်မယ့်နေရာတွေမှာသာ စစ်ရေးအရ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုသည်။

" ကျနော်တို့ရဲ့ ပေါ့ဆမှု၊ စိတ်ကြီးဝင်လိုမှုတွေကြောင့်ပေါ့။ စကစတပ်တွေကတော့ အကြံပက်စက်တယ် ပဲ ပြောပြော သူရဲဘောကြောင်နည်း သုံးတယ်ပဲ ပြောပြော KIA ဟာ သူတို့အတွက် မဟာရန်သူကြီး ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြတ်ပြတ်သားသားလုပ်ဆောင် သွားပြီးဖြစ်တယ် " လို့ ကေအိုင်အေအရာရှိတစ်ဦးက ဆိုသည်။

စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘယ်သူတွေသေဆုံးခဲ့ရသလဲ။

အောက်တိုဘာ ၂၃ ရက်နေ့ ညမှာတော့ အနန့်ပါကျေး ရွာ ဟောခန်းမဆောင်မှာ KIO တည်ထောင်ခြင်း (၆၂) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အကြိုတေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေတဲ့အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဥ် သုံးစင်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် စုစုပေါင်း အယောက် ၇၀ ခန့်သေဆုံးခဲ့ရပြီး ဦးရေ ၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ထုတ်ပြန်သည်။ သေဆုံးသွားသူများထဲတွင် ရခိုင်လူမျိုး သူဌေးတွေလည်း ပါဝင်သည်။

ဗုံးကြဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က “ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဥ်း (Rules of Engagement-ROE) အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့KIA တပ်မဟာ(၉) နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ် ”လို့ သတင်းထုတ်ပြန်ခဲ့ပြီး ကေအိုင်အေအဖွဲ့ဝင်တွေသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် သေဆုံးသူတွေကို ကောင်းမွန်စွာသင်္ဂြိုဟ် ခွင့်မရခဲ့ကြသလို၊ ဒဏ်ရာရရှိတဲ့သူတွေလည်း ကောင်းမွန်စွာ ဆေးကုသခွင့်ပေးနိုင်ဖို့ လမ်းပိတ်တားဆီးခဲ့တဲ့အပြင် ဆေးဝါးကုသပေးတဲ့ လူမှုကူညီရေးပြုလုပ်ပေးသူတွေကိုလည်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇/၁ နဲ့ အရေးယူမည်ဟု ခြိမ်းခြောက်မှုများပြုခဲ့သည်။

“အလောင်းရှာလို့ မရလို့ မိသားစုတွေဆို ငိုပြီး ပြန်သွားတဲ့သူတွေတောင်ရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်။ အသက်ရှင်ရင်တောင် ဒုက္ခိတဘဝနဲ့ နေသွားရမှာပေါ့။ လက်ကျိုးတာ၊ ပေါင်ကျိုးတာ၊ ခြေကျိုးတာ များတယ်။ သေသွားတဲ့သူတွေလည်း နာရေးတောင် ခိုးပြီးလုပ်နေရတယ် ” ဟု ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့သူတစ်ဦးက ပြောပြသည်။

ထိုညက ပွဲခင်းတွင်လူဦးရေအနည်းဆုံး အယောက် ၃၀၀ လောက်ရှိပြီး အများပိုင်းက အရပ်သားပြည်သူတွေဖြစ်ကြောင်း အသက်ဘေးမှလွတ်မြောက်ခဲ့သူများက ပြောသည်။

KIO ထိန်းချုပ်နယ်မြေက လူနေအိမ်ခြေများတဲ့ ကျေးရွာတော်တော်များများမှာ ကျေးရွာဟောခန်းမတွေ ဆောက်လုပ်ထားလေ့ရှိပြီး လေယာဥ်ဗုံးက တေးဂီတစင်ရှိတဲ့ ခန်းမဆောင်၊ မီးဖိုချောင်နဲ့ ကျေးရွာဆေးပေးခန်း နေရာတွေမှာ ကျရောက်ခဲ့ခြင်းဖြစ်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ခန်းမဆောင်မှာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံပွဲ၊ အစည်းအဝေးနဲ့ သင်တန်းတွေ ပြုလုပ်တဲ့အချိန် အသုံးပြုတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာဖြစ်ကြောင်း မဇ္ဈိမက အတည်ပြုနိုင်ထားသည်။

ယခုကဲ့သို့ လူမဆန်စွာ ဗုံကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖျော်ဖြေပွဲစင်ဟာ ပရိသတ်တွေရဲ့ ပြတ်ထွက်သွားတဲ့ ကိုယ်ခန္ဓာအပိုင်းအစတွေ၊ သွေးအိုင်သွေးကွက်တွေ၊ နောက်ပြီး လွင့်စင်သွားတဲ့ အသားအစအနတွေ ပြန့်ကြဲသွားတဲ့ အနိဌာရုံတလင်းပြင်သဖွယ် ဖြစ်သွားရတော့သည်။

အနန့်ပါ ဗုံးကြဲခံရမှုဟာ ကချင်လူထုအတွက် မမေ့နိုင်တဲ့ ကချင်ပြည်နယ်က သွေးစွန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းကျန်နေတော့မှာ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly