၈၈ ငြိမ်းပွင့် အဖွဲ့ဝင် မနုနုအောင်အပါအဝင် ၃ ဦး ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခံရ

၈၈ ငြိမ်းပွင့် အဖွဲ့ဝင် မနုနုအောင်အပါအဝင် ၃ ဦး ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခံရ

ဒီဇင်ဘာလ ၂၅ ရက်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင်များဖြစ်သော မနုနုအောင် အပါ အဝင် မခက်ခက်အောင်နှင့် ၎င်း၏သားဖြစ်သူကိုမြတ်သူတို့သုံးဦးကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးချမှတ်လိုက်သည်ဟု မိသားစု နှင်နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မနုနုအောင်အပါအဝင် သုံးဦးကို အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၁(ဂ) ဖြင့် ထောင်ဒဏ် ငါးနှစ် သီးခြားချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သုံးယောက်လုံးကို ဘားအံမှာ ဖမ်းမိတာပါ။ ကျွန်မအမက အကြမ်းဖက်သမားမဟုတ်ဘူး။ အကြမ်ဖက် ပုဒ်မနဲ့ အရေးယူတာပေါ့။ လုံး၀မကျေနပ်ပါဘူး။ တစ်ချိန်မှာ ဒီလုပ်ရပ်အတွက် စစ်ကောင်စီက တာဝန်ယူ ရမယ်” ဟု မနုနုအောင်၏ မိသားစုဝင်က ပြောသည်။

မနုနုအောင်သည် ပြီးခဲ့သော ဧပြီလ ၂၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့၌ ဆေးခန်းပြရန်သွား ရောက်အပြီးအပြန်လမ်းတွင် စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ အဖော်လိုက်ပါလာသူ မခက်ခက်အောင်နှင့်သားဖြစ်သူကိုမြတ်သူတို့ကိုလည်း တစ်ပါတည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့သုံးဦးကို မော်လမြိုင်မြို့ရှိ စစ်ကြောရေးစခန်းတွင် ၁၂ ရက်ကြာ စစ်ဆေးမှုများပြုလုပ် ခဲ့ပြီးနောက် ကျိုက်မရော အကျဉ်း‌ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်ဟုဆိုသည်။

ဖမ်းဆီးထောင်ချခြင်းခံရသူ မနုနုအောင်သည် လက်ရှိတွင် အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး၊ သူမ၏အဖော် မခက်ခက်အောင်သည်လည်း ၅ု၃နှစ် နှင့် သားဖြစ်သူ ကိုမြတ်သူသည် အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ် ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာတူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly