အာဖဂန်တွင် တာလီဘန်တို့က လူ ၂၀ ခန့်ကို လူမြင်ကွင်း၌ ကြိမ်ဒဏ်ပေး

By ANI
25 December 2022
အာဖဂန်တွင် တာလီဘန်တို့က လူ ၂၀ ခန့်ကို လူမြင်ကွင်း၌ ကြိမ်ဒဏ်ပေး
Photo: EPA

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြန်လည်အာဏာရနေသည့် တာလီဘန်တို့သည် ယခင် ၁၉၉၀ ပြည့်နှစ်ကာလများအတွင်း ၎င်းတို့ အသုံးပြုခဲ့သည့် တရားသေအယူကိုင်စွဲသည့် အလေ့အထများကို ပြန်လည်အသက်သွင်းနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံတောင်ပိုင်း ဟယ်လ်မန်းပြည်နယ်တွင် လူ ၂၀ ဦးကို လူမြင်ကွင်းရှေ့တွင် ကြိမ်ဒဏ်ပေးခဲ့သည်။

ခိုးမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် အခြားပြစ်မှုများအတွက် လူ ၂၀ ဦးကို ကြိမ်ဒဏ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

အဆိုပါ ကြိမ်ဒဏ်ပေးမှုများကို ဟယ်လ်မန်းပြည်နယ် မြို့တော် လက်ရှ်ကာ ဂါးရှိ အားကစားရုံတစ်ခုတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ကာဆင်မ် ရီယက်ဇ်ကို ကိုးကားပြီး Khaama Press မီဒီယာက ဖော်ပြသည်။

ပြစ်ဒဏ်ပေးခံရသည့် အမျိုးသားတစ်ယောက်ချင်းစီတိုင်းသည် ကြိမ်ဒဏ်အချက်ရေ ၃၅ ချက်မှ ၃၉ ချက်အကြား ရိုက်နှက်ခံရပြီး ထိုပြစ်ဒဏ်ပေးမှုကို ပြည်နယ်အတွင်းရှိ ဒေသခံများ၊ သက်ကြီးဝါကြီးများနှင့် အစိုးရ အရာရှိများ ရှေ့မှောက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကြိမ်ဒဏ်ပေးခံရသူများအနက် တချို့သည် ထောင်ဒဏ်ပြစ်ဒဏ်ပါ ချမှတ်ခံရကြောင်း ရီယက်ဇ်က ပြောသည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက ပြန်လည်အာဏာရပြီးနောက်ပိုင်း တာလီဘန်တို့သည် ရှာရီယာ သို့မဟုတ် အစ္စလမ္မစ် ဥပဒေကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly