ပါကစ္စတန်နိုင်ငံအတွင်း အခြေပြုပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေဟု TTP စစ်သွေးကြွအဖွဲ့ ပြော

By Dawn
25 December 2022
ပါကစ္စတန်နိုင်ငံအတွင်း အခြေပြုပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေဟု TTP စစ်သွေးကြွအဖွဲ့ ပြော

ပါကစ္စတန်နိုင်ငံတွင် တရားမဝင်ကြောင်း ကြေညာခံထားရသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် အာဖဂန်တာလီဘန်အစိုးရထံမှ အထောက်အပံ့ ရနေသည်ဆိုသည့် ထင်မြင်ယူဆချက်များကို ချေဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် ၎င်းတို့သည် နိုင်ငံနယ်နိမိတ်အတွင်းမှာပင် အခြေပြုပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြာင်း အဆိုပါအဖွဲ့၏ ခေါင်းဆောင် နိုအာ ဝါလီ မီဟ်ဆက်ဒ်က ပြောသည်။

“ကျွန်တော်တို့ဟာ ပါကစ္စတန်မြေကို အသုံးပြုပြီး ပါကစ္စတန် နယ်နိမိတ်ထဲကနေပဲ ပါကစ္စတန်စစ်ပွဲကို တိုက်နေတာဖြစ်တယ်။ ကျွန်တော်တို့ဟာ ပါကစ္စတန်မြေပေါ်မှာ တည်ရှိကိန်းအောင်းနေတဲ့ လွတ်မြောက်ရေး စိတ်ဓာတ်၊ လက်နက်တွေနဲ့အတူ နောက်ထပ် ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်” ဟု မီဟ်ဆက်ဒ်က CNN နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

အာဖဂန်တာလီဘန်တို့ထံမှ ရနေခဲ့သည့် အကူအညီနှင့်ပတ်သက်ပြီး လျှို့ဝှက်သိုသိပ်ထားသလား ဆိုပြီး မေးမြန်းမှုကို မီဟ်ဆက်ဒ်က “ခုချိန်မှာ ကျွန်တော်တို့ဟာ အာဖဂန် တာလီဘန်တွေဆီကနေ ဘာအကူအညီမှ မလိုအပ်တဲ့အတွက် အဲဒါကို ဘာလို့ ဖုံးကွယ်နေရမှာလဲ” ဟု ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပါကစ္စတန်တွင် အာဖဂန်နယ်စပ်ဘက်မှ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ဖြစ်ပွားမှု မြင့်တက်ခြင်းကို ကြုံတွေ့ထားရပြီး လက်သည်တရားခံများကို အရေးယူရေး ပါကစ္စတန် အာဏာပိုင် တို့က တာလီဘန်အစိုးရကို ဖိအားပေးထားသည်။

ပါကစ္စတန် နိုင်ငံခြားရေးဒုဝန်ကြီး ဟီနာ ရတ်ဘာနီ ခါးသည် ပြီးခဲ့သည့်လက အာဖဂန်မြို့တော်ကဘူးလ်သို့ သွားရောက်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး တာလီဘန်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

အကြမ်းဖက်အဖွဲ့များ ပြန်လည်စုဖွဲ့ခြင်းနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အာဖဂန်မြေကို ခြေကုပ်အဖြစ် အသုံးပြုခွင့်မပြုဆိုသည့် ကတိကဝတ်များအတိုင်း လိုက်နာရန် ပါကစ္စတန်က အာဖဂန်တာလီဘန်တို့ကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly