အရှေ့တရုတ်ပင်လယ်တွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန် အနီးကပ်စောင့်ကြည့်နေ

By ANI
25 December 2022
အရှေ့တရုတ်ပင်လယ်တွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန် အနီးကပ်စောင့်ကြည့်နေ

အမေရိကန်သည် မဟာမိတ်များနှင့် မိတ်ဖက်များနှင့်အတူ အရှေ့တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှားတို့၏ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အမေရိကန် အင်ဒို-ပစိဖိတ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (USINDOPACOM) က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ရုရှားပစိဖိတ်ရေတပ်မှ သင်္ဘောအစုသည် ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရုရှား-တရုတ် ရေတပ် စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ရန် အရှေ့တရုတ်ပင်လယ်ဘက်သို့ ထွက်ခွာခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မဟာမိတ်များ မိတ်ဖက်များနှင့်အတူ အမေရိကန်သည် တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်အတွင်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများအပြင် အရှေ့တရုတ်ပင်လယ်တွင် ရုရှားနှင့်တရုတ်တို့၏လက်ရှိ စစ်ရေး လေ့ကျင့်မှုကို အနီးကပ် ခြေရာခံလျက်ရှိကြောင်း အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ပျံသန်းမှု အပါအဝင် နိုင်ငံတကာဥပဒေများကို လိုက်နာရန်၊ အတားအဆီးမဲ့ ကူးသန်း ရောင်းဝယ်ရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခြားတရားဝင်အသုံးပြုမှုများကို ပံ့ပိုးကူညီရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ ဝေဟင်ပစ်မှတ်များကို ဒုံးကျည်များနှင့် အမြောက်များဖြင့် ပူးတွဲ ပစ်ခတ်ခြင်း၊ ရေတပ်ပစ်မှတ်များကို အမြောက်များဖြင့် ပစ်ခတ်ခြင်းအပြင် လက်နက်များကို လက်တွေ့အသုံးပြုခြင်းနှင့်အတူ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးစစ်ဆင်ရေးများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းက ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်ရေတပ်များ ပါဝင်သော ပထမဆုံး ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပင်လယ်ဝါတွင် ၂၀၀၅ ခုနှစ် သြဂုတ်လက ပြုလုပ်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ပံ့ပိုးကူညီမှုဖြင့် စီစဉ်ကျင်းပသည့် Peace Mission ၂၀၀၅ အကြီးစား စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required