တရုတ်တွင် ရုတ်တရက် ကိုဗစ်ရောဂါများဖြစ်ပွားမှုက ပြည်တွင်းဖြစ် ကာကွယ်ဆေး၏ထိရောက်မှုမရှိခြင်းကို ညွှန်ပြနေပြီး အထူးသဖြင့် တရုတ်က ကာကွယ်ဆေးပေးပို့ထားသည့် နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်ကြောင်း Tibet Press က ဖော်ပြထားသည်။
ဟဲပေပြည်နယ် ပေါင်တင်းမြို့ လိုင်ရွှေ့ကောင်တီ ကျန်းမာရေးစင်တာမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ဆိုးရွားသော တုံ့ပြန်မှုများဆိုင်ရာ စာရင်းအင်းဇယား ၂၀၂၂ တွင် တရုတ်ကာကွယ်ဆေးများသည် ဖျားနာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် သေဆုံးမှုများကို ခံစားရစေသည်ဟု ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က CanSino ကာကွယ်ဆေးကို အသုံးပြုခွင့်ပြုခဲ့သည်။ ၎င်းတို့တွင် BBIBP-CorV ခေါ် Sinopharm BIBP ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် Sinovac Biotech Ltd., မှထုတ်သည့်BIBP ကာကွယ်ဆေးတို့လည်း ပါဝင်သည်။
“၂၀၂၁ ခုနှစ်မှာတရုတ်က သူ့နိုင်ငံသားတွေကို ကာကွယ်ဆေး ၂ ဒသမ ၄ ဘီလီယံထိုးပေးခဲ့ပြီး ၁ ဒသမ ၃ ဘီလီယံကို တစ်ကမ္ဘာလုံးကို ဖြန့်ချိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ Sinopharm က တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး ၃ ဒသမ ၅ ဘီလီယံ ဖြန့်ချိပြီးပါပြီ” ဟု Tibet Press က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင် ကိုဗစ် ကူးစက်မှုများ မြင့်တက်လာချိန်တွင် တူရကီအစိုးရက တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုကို စိစစ်လျက်ရှိသည်။
ကူးစက်မှုနှင့်သေဆုံးမှုများ ပေါ်ပေါက်လာပြီးနောက် ထိုင်းနှင့်စင်္ကာပူတို့သည် တရုတ်ကာကွယ်ဆေးများကို မသုံးတော့ဘဲ AstraZeneca နှင့် Pfizer တို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများနှင့် အစားထိုးခဲ့သည်ဟု Tibet Press ကဖော်ပြခဲ့သည်။
အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပေါက်ပေါက်လာချိန်တွင် တရုတ်ကွန်မြူနစ် ပါတီ (CCP) သည် တင်းကျပ်သော ကိုဗစ်စည်းမျဉ်းများကို ရုတ်တရက် ဖြေလျှော့ လိုက်ပြီးနောက် တရုတ် နိုင်ငံသားများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရသည်ဟု Voices Against Autocracy သတင်းတွင် ဖော်ပြထားသည်။
ကိုဗစ်ကပ်ရောဂါသည်သည် တရုတ်နိုင်ငံတွင် အလျင်အမြန် ကူးစက်ပျံ့နှံ့လျက်ရှိသည်။ တရုတ်နိုင်ငံ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် လက်ရှိတွင် ကိုဗစ်ကူးစက်နေကြောင်း ပြင်ပသတင်းများတွင် ဖော်ပြနေကြသည်။