လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ‘မတည်မငြိမ်ဖြစ်အောင်’ လုပ်ဆောင်နေဟု စစ်ကောင်စီ ပြော 

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ‘မတည်မငြိမ်ဖြစ်အောင်’ လုပ်ဆောင်နေဟု စစ်ကောင်စီ ပြော 

ဒီဇင်ဘာလ ၂၄ ရက်

အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက သောကြာနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြီး နိုင်ငံ “မတည်မငြိမ်ဖြစ်အောင်” လုံခြုံရေးကောင်စီက လုပ်ဆောင်နေသည်ဟု စွပ်စွဲသည်။ 

ဝရုန်းသုန်းကား အခြေအနေဆိုက်လျက်ရှိသည့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး တရုတ်နှင့် ရုရှတို့က ဗီတိုအာဏာ မသုံးဘဲ ကြားနေခဲ့ပြီးနောက် လုံခြုံရေးကောင်စီသည် မြန်မာအရေး ပထမဆုံး ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ခြင်း ဖြစ်သည်။ 

အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီသည် မြန်မာအရေးနှင့် ပတ်သက်ပြီး ဆယ်စုနှစ်များစွာ ကွဲလွဲလျက်ရှိကာ ယခင်အခါများက မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် တရားဝင် ထုတ်ပြန်ချက်သာ သဘောတူညီချက် ရခြင်းဖြစ်သည်။ 

ယခု ဆုံးဖြတ်ချက်သည် “ကုလသမဂ္ဂ၏ မူဘောင်နှင့် ရည်ရွယ်ချက်တို့ကို ဆန့်ကျင်ချိုးဖောက်ပြီး မြန်မာ၏ ပြည်တွင်းရေးကို နှောင့်ယှက်ခြင်းများ ပါဝင်သည်” ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

“အစိုးရ ကြိုးစားမှုများအား ထောက်ပံ့ခြင်းအစား မြန်မာနိုင်ငံ မတည်ငြိမ်အောင် ဖိအားပေးခြင်းသည် နိုင်ငံကို အကူအညီ မဖြစ်စေဘဲ မြန်မာနိုင်ငံအနေဖြင့် ယင်းသို့သော လုပ်ရပ်များကို လက်ခံမည်မဟုတ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အဆိုပါ ဆုံးဖြတ်ချက်ကို ကောင်စီဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး အတည်ပြုခြင်းဖြစ်သည်။ အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့် ရုရှတို့က စာသားများ ပြင်ဆင်စေပြီးနောက် ဗီတိုအာဏာသုံး မပယ်ချတော့ဘဲ ကြားနေခဲ့သည်။ အိန္ဒိယလည်း ထိုနည်းတူ ကြားနေသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပြတ်အသတ် အနိုင်ရသော ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ၌ ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုများ ရှိသည်ဟု စွပ်စွဲပြောဆိုချက်ကို သောကြာနေ့က ယခု ထုတ်ပြန်ချက်တွင် ထပ်လောင်း ဆိုထားသည်။ 

နိုင်ငံတကာ စောင့်ကြည့်သူများက ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတကြောင်း အတည်ပြုပြောထားခြင်း ဖြစ်သည်။ 

အသက် ၇၇ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နှစ်နှစ်နီးပါးက ၎င်း၏ အစိုးရကို စစ်တပ်က ဖြုတ်ချိလိုက်ချိန်ကတည်းက အကျဉ်းကျနေသည်။ 

ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများကို စစ်တပ်၏ ဖြိုခွင်းမှုအတွင်း လူပေါင်း ၂,၅၀၀ ကျော်ထက်မနည်း အသတ်ခံရကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်အရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly