ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် အားမီးရှို့ပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီး

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် အားမီးရှို့ပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီး

ဒီဇင်ဘာလ ၂၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ နေအိမ် တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ပြီး အပြစ်မဲ့ ပြည်သူအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာငံဒေသခံတစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်သားများသည် ရွာငံမြို့အနောက်ဘက်တောင်တန်းတစ်ကြောကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီဝန်းကျင်၌ အင်အားအများအပြားနှင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ လူနေအိမ် ငါးအိမ်ခန့်ကို ဝင်ရောက်ရှာဖွေပြီး နေအိမ် တစ်လုံးကို မီးရှို့ကာ အပြစ်မဲ့ ပြည်သူအမျိုးသမီး နှစ်ဦးကို ဖမ်းဆီးကာ ရွာငံမြို့ စခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။

''ဘာရှာတာလဲတော့မသိဘူးဗျ။ ဒါပေမဲ့ ပိုက်ဆံတွေ့ပိုက်ဆံယူတယ်။ သုံးလို့ရတဲ့ပစ္စည်း ဆိုအကုန်ယူတာဗျ။ ပစ္စည်းတွေ အကုန်ယူတယ်။ ပြီးတော့ မိန်းကလေးဝတ် လုံချည်တွေပါ မကျန် ရှင်းရှင်းပြောရရင် ထမိန်ထုပ်တောင်ယူကြတာဗျ '' ဟု ရွာငံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ အသက် ၃၅ ဝန်းကျင်အရွယ်နှင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိသူများဖြစ်ပြီး တစ်ဦးမှာ ရင်သွေးလွယ်ထားပြီး တစ်ဦးမှာ လသားအရွယ်ကလေးမိခင်တစ်ဦးဖြစ်ကြောင်း အဆိုပါဒေသခံထံက သိရသည်။

''အဲဒီမိန်းကလေး နှစ်ယောက်စလုံးဟာ ရွာမှာဒီတိုင်း သူ့ဟာသူ ရိုးရိုးသားသား ကိုယ့်အလုပ်ကိုယ်လုပ်ပြီးအေးဆေးစွာ နေထိုင်နေကြသူတွေပါ။ အခုထိမလွတ်သေးဘူးဗျ ''ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်နေ့က ရွာငံမြို့နယ် နွာဘန်းကြီးရွာအနောက်ဘက်ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုဝင်ရောက်စီးနင်းခံခဲ့ရပြီးနောက်ပိုင်း ရွာငံမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့များက အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးလျက်ရှိသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly