ကလေးမြို့ တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်နှင့်ကျည်ဆန်များ CDF–KKG သိမ်းဆည်း

ကလေးမြို့ တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်နှင့်ကျည်ဆန်များ CDF–KKG သိမ်းဆည်း

ဒီဇင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင်း တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) (CDF – KKG) က ထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ရက် နံနက် ၁၀နာရီ ၃၀မိနစ်ခန့်တွင် တာဟန်းမီးပွိုင့် ဂိတ်အား စီးနင်းမှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 2 စက်ကလေး တစ်လက် နှင့် ၅.၅၆ ကျည်ဆန် အတောင့် ၆၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့က ယင်းမီးပွိုင့်ဂိတ်အား စီးနင်းပစ်ခတ်ရန် ချဉ်းကပ်လာစဉ် မူးယစ်သောက်စားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်တွေ့သွားပြီးနောက် ကြောက်လန့် ထွက်ပြေးသွားသဖြင့် ၎င်းတို့ကျန်ရစ်သော သေနတ်အား လွယ်လင့်တကူ သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ လက်နက် ကောက်ယူပြီးသည့်နောက် ၎င်းတို့၏ ကင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ဦးရေ ၃၀ က ပြန်လည်ထိုးစစ်ဆင်လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါလာကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း အပြန်အလှန်ပစ်ခတ်မှု တစ်စုံတစ်ရာမရှိဘဲ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးကာ အခြားပြည်သူများ ထိခိုက်ဒဏ်ရရှိသွားကြောင်း သိရ၍ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၀ရက်နံနက် ၆နာရီအချိန် ကလည်း ကလေးမြိုနယ်တောင်ပိုင်း မြောက်စီးရွာ ရဲစခန်းမှ ဂိတ်စောင့်ရန် ထွက်ခွာလာသူများအား CDF- KKG က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly