ဒီဇင်ဘာလ ၂၄ ရက်
၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်က ချမှတ်လိုက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံက အခြေအနေနှင့် ပတ်သက်ပြီး ပထမဆုံး ဆုံးဖြတ်ချက်ကို စင်ကာပူနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရက် အကောင်အထည်ဖော်ရေးအတွက် လုံခြုံရေးကောင်စီ၏ အားပေးထောက်ခံမှုကို ဖော်ပြနေပြီး ကိစ္စရပ်အပေါ် လုံခြုံရေးကောင်စီက သေချာအာရုံစိုက်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလက်ခရစ်နန်းက ရေးသားသည်။
“မြန်မာနိုင်ငံက ယိုယွင်းနေတဲ့ အခြေအနေအတွက် စင်ကာပူဟာ စိုးရိမ်နေဆဲဖြစ်တယ်၊ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အားလုံးကြား စေ့စပ်ဆွေးနွေးမှုတွေကတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး လွယ်ကူအဆင်ပြေဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အခြား အဓိကပါဝင်သူတွေနဲ့ စင်ကာပူဟာ အနီးကပ် လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ဘဝတွေက တန်ဖိုးရှိပါတယ်၊ ငြိမ်းချမ်းရေးက မရှိမဖြစ်ပဲ”ဟု ၎င်းက ဆိုသည်။
၂၀၂၁ ဖေဖော်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သော မြန်မာနိုင်ငံက ပဋိပက္ခအကျပ်အတည်းနှင့် ဖြစ်ပွားဆဲ ဆိုးဝါးသည့် ပြည်တွင်းစစ်တို့အား ဖြေရှင်းနိုင်ရေး ကြိုးစားကြရာတွင် စင်ကာပူက အာဆီယံအဖွဲ့ဝင်များနှင့်အတူ လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေသည်။
(မိုးသဲ ဘာသာပြန်သည်။)