နိုင်ငံသစ်ဆီ လှမ်းလို့ချီ….(ဆောင်းပါး)

By ဝင်းထက်
24 December 2022
နိုင်ငံသစ်ဆီ လှမ်းလို့ချီ….(ဆောင်းပါး)

ဒီဇင်ဘာလ ၂၄ ရက်

မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့ ‘ပြည်သူ့ခုခံ တော်လှန်စစ်’အတွက် အားတက်စရာ နိုင်ငံတကာ အထောက်အပံ့နဲ့ ပတ်သက်ပြီး သတင်းတစ်ခုကတော့ အားလုံးသိကြပြီးဖြစ်မှာပါ။ NDAA ခေါ် ‘အမေရိကန် အမျိုးသား ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အက်ဥပဒေ’ကို လွှတ်တော်နှစ်ရပ်လုံးကနေ မဲခွဲအတည်ပြုပေးလိုက်ပြီး နောက်ဆုံးအဆင့် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့တဲ့ သတင်းထူးပဲဖြစ်ပါတယ်။ အက်ဥပဒေပါစာပိုဒ်ထဲက ပြဌာန်းချက်အရဆို ‘non-lethal’လို့ ဆိုထားတဲ့အတွက် ယူကရိန်းတို့ကို ထောက်ပံ့သလို၊ လက်နက်အကူအညီတွေ တိုက်ရိုက်ပေးအပ်တာမျိုး လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပညာဆိုင်ရာ အကူအညီတွေ၊ ခုခံကာကွယ်နည်းစနစ်တွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ ထိန်းချုပ်နယ်မြေတွေထဲက ‘အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားဥပဒေ စိုးမိုးရေး’ ယန္တယားတွေ စနစ်ကျအားကောင်းလာအောင် ကူညီပံ့ပိုးတာမျိုးတွေ သေချာပေါက် ပါဝင်လာနိုင်တယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိဖို့ ကန့်ကွက်သူမရှိလက်ခံလိုက်ပါတယ်။ စစ်ကောင်စီအတွက် အမြင့်ဆုံး နိုင်ငံတကာ သံတမန်စင်မြင့်မှာ မရှုမလှရှုံးနိမ့်နေတာ ဖြစ်တယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသဘက် အညာမြေလတ်တကြောမှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေက ပြင်းထန်နေသလို တချို့နေရာဒေသတွေကို ပကဖတွေက ထိန်းချုပ်လာနိုင်တာတွေထိ ရှိလာတယ် သိရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေလိုတောင် စနစ်တကျနဲ့ဖွဲ့စည်းကို နယ်မြေဒေသကို စီမံခန့်ခွဲတာတွေပါ ဖြစ်လာနေပြီ ဖြစ်တယ်။ စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးဖို့ မလွယ်ကူတော့တဲ့ နေရာဒေသတွေမှာဆိုရင် စစ်ရဟက်ယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို ချထားပြီး အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို အတင်းစီးနင်း ဖျက်ဆီးမီးရှို့တာမျိုး ပိုမိုလုပ်ဆောင်လာတာ တွေ့ရတယ်။

မြန်မာစကားပုံမှာ ‘ကြွက်မနိုင် ကျီမီးနဲ့ရှို့’ဆိုတဲ့စကားလိုပါပဲ၊ ဒေသခံ ပြည်သူတွေက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်မတော်တွေကို တစ်ခဲနက်ထောက်ခံ ပံ့ပိုးနေကြတဲ့အတွက် လက်နက်မဲ့ပြည်သူကို မနာလိုမရှုစိမ့်နိုင်ဖြစ်ပြီး ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်ဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုကြီးလည်းဖြစ်ပါတယ်။ ပြီးတော့ အာဏာသိမ်း စစ်ကောင်စီဟာ အောက်ခြေတပ်တွေကို စနစ်တကျ တမင်ကျူးလွန်ခွင့်ပေးထားတာတဲ့ ဗျူဟာတစ်ခုလို့လည်း မြင်မိတယ်။

လူထုထောက်ခံနေမှု ‘ဒေါက်တိုင်’တွေကို ယုတ်မာတဲ့နည်းလမ်းနဲ့ ရိုက်ချိုးဖြိုဖျက်တာပါပဲ။ အိမ်ခြေယာမဲ့ ဖြစ်သွားရတဲ့ ပြည်သူတွေဟာ ပီဒီအက်ဖ်တွေကို ထောက်ခံပံ့ပိုးမှု ဆက်မလုပ်နိုင်တော့အောင် စနစ်တကျ ကျူးလွန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။

ဒီလိုလုပ်တာ စစ်ကောင်စီအတွက် အောင်မြင်နိုင်ရဲ့လား…။ ဒီလိုလုပ်ရပ်မျိုးတွေကို စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဆယ်စုပေါင်းများစွာကတည်းက ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒေသခံ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နာကြည်မုန်းတီးမှုကိုသာ ပိုရခဲ့ပြီး၊ သက်ဆိုင်ရာ လူမျိုးစု တော်လှန်ရေးကိုသာ ပိုမိုအားစိုက် ထောက်ခံပံ့ပိုးသွားခဲ့ကြတာမို့ မီးရှို့ဖျက်ဆီး အကြောက်တရားပေးတဲ့ စစ်တပ်ရဲ့လုပ်ရပ်ဟာ မအောင်မြင်တာ ထင်ရှားလှပါတယ်။ လူနေအိမ်ခြေတွေကို မီးရှို့ဖျက်ဆီး၊ စစ်တပ်ဆန့်ကျင် မထောက်ခံသူပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်၊ အတင်းအဓမ္မပေါ်တာဆွဲတဲ့ ဒီလိုစစ်တပ်မျိုးကို ဘယ်သူမှကြည်ဖြူလာစရာ အကြောင်းမရှိပါဘူး။ အကြောက်တရားနဲ့ပေး ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်စနစ်တွေဟာ ခေတ်ပြိုင်ကမ္ဘာမှာ နေရာသိပ်မရှိတာ့ပါ။ စစ်ကောင်စီကို နိုင်ငံတကာနဲ့ ဒေသတွင်းမှာ ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံ ကိုယ်တိုင်တောင် သူ့နိုင်ငံတွင်းက ပြည်သူတွေရဲ့ ရရင်ရသလို ဆန့်ကျင်မှု၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို မကြာခဏကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ဆိုတာက ခြောက်ပြစ်ကင်း သဲလဲစင်တော့မဟုတ်ပေမဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေး၊ လွတ်လပ်မှုတွေကို တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်ခုတည်းကနေ စိတ်ထင်သလို ထိန်းချုပ်ဖိနှိပ်တဲ့ အာဏာရှင်စနစ်ထက်တော့ အများကြီးသာလွန်ပါတယ်။ အရာရာကိုကြောက်နေရတဲ့ နေ့စဉ်လူနေမှုဘဝထက် ဒီမိုကရေစီ စည်းဘောင်တွေကြားက လွတ်လပ်မှုတွေကို ကမ္ဘာ့ပြည်သူတိုင်းက လိုလားတာဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာလည်း အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဘေးဖယ်ထုက်ခံရ၊ ဝိုင်းဝန်းရှုတ်ချ ဆန့်ကျင်ခံနေရပြီး မြန်မာစစ်တပ် ဆရာတင်ထားတဲ့ ရုရှားနိုင်ငံတောင်မှ ယူကရိန်းကျူးကျော်စစ်ကြောင့် တစ်ရွာလုံးနဲ့တစ်ယောက်လို ပိုဖြစ်လာနေတာပါ။ သက်တမ်းရှည် တိုင်းပြည့်အာဏာကို အဘက်ဘက်က ထိန်းချုပ်ထားတဲ့ အာဏာရှင်ပူတင်ဟာ အမျိုးမျိုးသာ ဟန်ကို့ပြောနေပေမဲ့ ယူကရိန်းကိုမသိမ်းနိုင်တာ သေချာသလောက်ဖြစ်နေပါပြီ။ ပထဝီဝင်နိုင်ငံရေးအရတင်သာမက ဒီမိုကရေစီစနစ်ရဲ့ ရှေ့တန်းခံစစ်သဖွယ် ယူကရိန်းအရေးကဖြစ်တာမို့ အမေရိကန်နဲ့ အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံတွေဟာ ယူကရိန်းကို ပုံအောကူညီ နေကြတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ အာဏာရှင်ပူတင် စိတ်ထင်တိုင်းကြဲမရအောင် အမြီးနင်းပြတာလည်း ဖြစ်နိုင်ဖွယ်ရာ အကြောင်းတစ်ခုပါပဲ။

ဒီဆောင်းပါးရေးနေချိန်မှာတင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ‘မြန်မာ့နွေဦးတော်လှန်ရေး’ကို ပိုမိုထိထိရောက်ရောက် ကူညီပေးနိုင်မယ့် ‘အမေရိကန် အမျိုးသား ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အက်ဥပဒေ’ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့သတင်း တက်လာပါတယ်။ ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းမှာတင် ကုလသမဂ္ဂမှာ အခွင့်အာဏာအရ အမြင့်ဆုံးဖြစ်တဲ့ ‘လုံခြုံရေးကောင်စီ’ကနေ ၇၄ နှစ်အတွင်း မြန်မာ့နိုင်ငံနဲ့ပတ်သက်တဲ့ ပထမဆုံး ‘ဆုံးဖြတ်ချက်’ကို ချမှတ်အတည်ပြုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ကိုးကွယ်ဆည်းကပ်ရာ တရုတ်နဲ့ရုရှားနိုင်ငံတွေက ကန့်ကွက်မဲမပေးဘဲ ကြားနေမဲပေးခဲ့သလို အိန္ဒိယကလည်း အလားတူကြားနေမဲပဲ ပေးခဲ့တာကြောင့်၊ ကန့်ကွက်မဲ့မရှိ ထောက်ခံမဲ ၁၂ မဲနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အတည်ပြုချက်မှတ်နိုင်ခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီကတော့ ပြည်တွင်းပြည်မှာ ‘ခံစစ်အသွင်’နဲ့ သူတို့အာဏာတည်မြဲရေးမူကို တစိုက်မတ်မတ်ကိုင်စွဲရင်း နည်းလမ်းပေါင်းစုံ ဆက်သုံးနေမှာ အသေအချာပါ။

ဘယ်လိုဖြစ်ဖြစ် ၈၈ လိုမဟုတ်တော့တဲ့ ဒီဘက်မော်ဒန်ခေတ်ကြီးထဲ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ရဲ့ စိတ်စေရာအတိုင်း လူတွေလိုက်နာနေထိုင်ရှင်သန်ဖို့ဆိုတာ လက်တွေ့မကျသလို ဖြစ်လည်းမဖြစ်နိုင်တော့ပါဘူး။ ကိုယ်ကြိုက်တဲ့အစိုးရမျိုးဖွဲ့ဖို့ ကိုယ်နှစ်သက်ရာ နိုင်ငံရေးပါတီနဲ့ အရပ်သားနိုင်ငံရေးသမားတွေကို မဲပေးရွေးချယ်နိုင်ပြီး မကြိုက်တော့ရင် မဲမပေးတော့ဘဲ ပြန်ဖြုတ်ချခွင့်ရှိတဲ့ နိုင်ငံသား အခွင့်အရေးတို့ အပြည့်အဝ ထုံလွှမ်းရာနိုင်ငံသစ်ဆီ စိုက်လိုက်မတ်တပ် ဆက်လက်ရုန်းကန်ချီတက်ပါစို့လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly