ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး

ဒီဇင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်ရှိ အေးသာယာ (ပျံကျ) ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်နေ့ များတွင် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များသည် ရေဦးမြို့နယ် ဘက်ခြမ်းမှ အေးသာယာ (ပျံကျ) ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

“ပျံကျရွာက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ရွာ။ အဲ့ရွာကို ပထမတစ်ရက်မီးရှို့ကတည်းက ရွာတစ်ဝက်လောက်ကုန်သွားတာ မနေ့က ထပ်ရှို့တယ်ဆိုတော့ ကုန်သလောက် ဖြစ်သွားပြီပေါ့ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဒီပဲယင်းမြိုနယ် ညီနောင် များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပျံကျကျေးရွာကို မီးရှို့နေချိန် အနီးနားမှ ကျေးရွာတစ်ခုဖြစ်သည့် ကြည်ဘုရားထွက်ကျေးရွာသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“ကလေး သုံးဦးမှာ နှစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ကလေးတစ်ယောက်က ဗိုက်ပေါက်သွားတယ်။ ကျည်ဆန်က သေးတယ်ဆိုပေမယ့် အတွင်းထဲက အူတွေဖေါက် ဝင်သွားတယ် ။ခွဲစိတ်ကုသရမယ့် အခြေအနေပါ။ နောက်တစ်ယောက်က ကျောကို ဖောက်ဝင်တာ။ ကျန်တဲ့ တစ်ယောက်ကတော့ ပွန်းပဲ့ ဒဏ်ရာရတယ်” ဟုပြောသည်။

လက်နက်ကြီးကျည်ကြောင့် ဝမ်းဗိုက်ပေါက် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်ကို ခွဲစိတ်ကုသနိုင်ရန်အတွက် အခြားတစ်နေရာသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

အေးသာယာ(ပျံကျ) ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ရွာသူရွာသားများ အနေဖြင့် ရွာထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်.။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာလဆန်းမှ စတင်ကာ နှစ်ပတ်ကြာ စစ်ကြောင်းထိုးခဲ့သည့်အတွက် ကျေးရွာပေါင်း ၁၉ ရွာမှ အိမ်ခြေ ၁,၇၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly