အလွတ်သဘောဆွေးနွေးပြီးမှ နိုင်ငံရေးဆွေးနွေးရန် အကြောင်းပြန်ထားဟု အပစ်ရပ် ၇ ဖွဲ့ဆို

အလွတ်သဘောဆွေးနွေးပြီးမှ နိုင်ငံရေးဆွေးနွေးရန် အကြောင်းပြန်ထားဟု အပစ်ရပ် ၇ ဖွဲ့ဆို

မဲဆောက်(မဇ္ဈိမ)။ ။၂၀၀၈ အခြေခံဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် နိုင်ငံရေးဆွေးနွေးရန်အတွက် စစ်ကောင်စီဘက်မှ ဖိတ်ကြားလာမှုအပေါ်တွင် အလွတ်သဘောဆွေးနွေးပြီးမှ ဆွေးနွေးမည်ဟု ဒီကနေ့တွင် အကြောင်းပြန်ထားကြောင်း အပစ်ရပ် ခုနစ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA - PC)မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမသို့ပြောသည်။

“နိုင်ငံရေးကိစ္စရပ်တွေဆွေးနွေးဖို့ ပြောဆိုဖို့ သွားမယ့်အခါကျတော့၊ ကျနော်တို့ ခုနစ်ဖွဲ့ထဲကနေပြီးတော့ လက်ရှိအချိန်အရတော့ အဆင်မပြေဘူး၊ ကျနော်တို့ အလွတ်သဘောတွေ့ဆုံညှိနှိုင်းမှုတွေကနေပဲ ကျနော်တို့ ကြိုတွေ့ပြီးတော့ အလွတ်သဘောတွေ့ပြီးတော့ ကျနော်တို့က ဘယ်နေရာမှာလုပ်မယ်။ ဘယ်အချိန်ခါမှာလုပ်မယ်၊ ဘယ်အကြောင်းအရာ တွေဆွေးနွေးမယ်ဆိုပြီး နှစ်ဖက်စလုံး အလွတ်သဘောနဲ့ ကြိုတင်ညှိနှိုင်း ဆွေးပြီးမှ ဆောင်ရွက်ခြင်းကသာလျှင် ပိုပြီးတော့ နှစ်ဖက်စလုံးအတွက် win win ဆိုတဲ့ အဆင်ပြေမှုတစ်ခုကို ကျနော်တို့က ဖော်ဆောင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကတော့ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့က နေ ကျနော်တို့ လုပ်လက်စအလုပ် အောင်မြင်အောင် နှစ်ဖက်စလုံးကနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့ စာပြန်ကြားပေးလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)က ဒီဇင်ဘာလ ၁၉ရက်နေ့က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဖိတ်ကြားခဲ့ရာတွင် ဆွေးနွေးပွဲကို အဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်သုံးဦးစီ ဖိတ်ကြားထားပြီး ဒီဇင်ဘာ၂၇ရက်နေ့မှ ၃၀ရက်နေ့အထိ ပြုလုပ်သွားမည်ဟု ဖိတ်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၈တွင်ပါဝင်နေသည့် ဥပဒေများကို ပြင်ဆင်လိုသည်များကို ဆွေးနွေးရန်နှင့် EAOsများအနေဖြင့် သီးခြားလိုအပ်ချက်များရှိပါက ဆွေးနွေးလိုပါက ဆွေးနွေးရန်အတွက် ဖိတ်ကြားခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် အဆိုပါဖိတ်ကြားသည့် အစည်းအဝေးပြီးနောက် ဇန်နဝါရီလတွင်ကျင်းပမည့် ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းအခမ်းအနားနှင့် လွတ်လပ်ရေးအခမ်းအနားတို့ကို တက်ရောက်ရန်အတွက် တစ်ပြိုင်တည်းဖိတ်ကြားခြင်းဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပြောခွင့်ရတစ်ဦးက ဆိုသည်။

“သူတို့က တစ်ဆက်တည်းလုပ်ချင်တယ်၊ အဲဒီဟာပြီးရင် ဘွဲ့ထူးဂုဏ်ထူးပေးတာ၊ အဲဒီဟာပြီးရင် လွတ်လပ်ရေးပွဲ၊ ပွဲ သုံးပွဲကို တစ်ထပ်တည်းလုပ်ချင်တဲ့ ပုံစံမျိုးနဲ့ အချိန်ကပ်ပြီးတော့ ဖိတ်ခေါ်လာတော့ ကျနော်တို့က တိုင်ပင်ဖို့အချိန်မရဘူးဖြစ်တယ်။” ဟု ၎င်းကဆိုသည်။

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့သည် စစ်ကောင်စီနှင့် ထိုင်ယနိုင်ငံတွင် အလွတ်သဘောဆွေးနွေးရန်အတွက် နှစ်ကြိမ်တိုင်တိုင်ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့သည်။

စာတည်း- သန့်ဇော်(သန်လျင်)

ပုံစာ - စစ်ကောင်စီ ငြိမ်းချမ်းဆွေးနွေးပွဲတစ်ခုကိုတွေ့ရစဥ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required