ပါကစ္စတန်တွင် ၃ နှစ်အတွင်း ပညာရေးအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပေါင်း ထောင်ချီ ရှိခဲ့

ပါကစ္စတန်တွင် ၃ နှစ်အတွင်း ပညာရေးအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပေါင်း ထောင်ချီ ရှိခဲ့

ပါကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူ့အခွင့်အရေးကို အခြေခံအခွင့်အရေးအဖြစ် အသိအမှတ်ပြုထားသလို ဥပဒေအပိုဒ်ခွဲ ၂၅ တွင်လည်း ယောကျ်ားလေးများအပြင် မိန်းကလေးများကိုပါ ပညာသင်ကြားခွင့် ပေးထားသော်လည်း နိုင်ငံတွင် ၃ နှစ်အတွင်း ပညာရေးအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ကာဇီ ဖေ့ဇ် အစ်ဆာက ဒီဇင်ဘာ ၁၀ ရက်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အစ္စလမ္မစ် တက္ကသိုလ် အစ္စလမ်မာဘတ် (IIUI) ၏ အမျိုးသမီး တက္ကသိုလ်နယ်မြေခွဲတွင် လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များကော်မရှင် (PCHR) နှင့် ပူးပေါင်းကျင်းပသည့် နှီးနှောဖလှယ်ပွဲတွင် အစ်ဆာက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“အားလုံးအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု” အဖြစ် သတ်မှတ်သည့် လူ့အခွင့်အရေးနေ့ကို ဒီဇင်ဘာ ၁၀ ရက်က ကမ္ဘာတစ်ဝန်း ကျင်းပခဲ့သည်။

အစ္စလမ်ဘာသာသည် ပြည့်စုံကျယ်ပြန့်ပြီး ခွဲခြားဆက်ဆံမှု မရှိသော ဘာသာတရားတစ်ခု ဖြစ်ကြောင်းနှင့် ပညာမဲ့ပြီး ဗဟုသုတအားနည်းသော အမျိုးသားများက အမျိုးသမီးများအပေါ် လွှမ်းမိုးကြီးစိုးနေကြောင်း တရားသူကြီး အစ်ဆာက ပြောသည်။

“အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ အကာအကွယ်ပေးသူတွေအဖြစ် ကုရ်အာန်ကျမ်းစာမှာ ဆိုထားပါတယ်။ အစ္စလမ်ဘာသာဟာ အမျိုးဇာတ်၊ ဘာသာအယူဝါဒနဲ့ အသားအရောင် မရွေး မခွဲခြားဘဲ လူသားတွေကို ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှုကို ပေးတဲ့ အကောင်းဆုံး ဥပမာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly