တာလီဘန်၏ ခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် ၁၃ နှစ်သက်တမ်းရှိ အာဖဂန်မီဒီယာလုပ်ငန်း ပိတ်သိမ်းလိုက်ရ

By Khaama
23 December 2022
တာလီဘန်၏ ခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် ၁၃ နှစ်သက်တမ်းရှိ အာဖဂန်မီဒီယာလုပ်ငန်း ပိတ်သိမ်းလိုက်ရ

အာဖဂန်နစ္စတန်နိုင်ငံတွင် သတင်းမီဒီယာအပေါ် ကန့်သတ်ပိတ်ပင်မှုများက ပိုမိုတင်းကျပ်လာစဉ် တာလီဘန် အထွေထွေထောက်လှမ်းရေးဦးစီးဌာန၏ အဆက်မပြတ် ခြိမ်းခြောက်မှုများ ကြောင့် ၁၃ နှစ်သက်တမ်းရှိ မီဒီယာလုပ်ငန်းတစ်ခုဖြစ်သည့် Jomhor သတင်းအေဂျင်စီက ၎င်းတို့၏ ပင်မရုံးကို ပိတ်သိမ်းကြောင်း ကြေညာလိုက်သည်။

အစိုးရဆန့်ကျင်သော အကြောင်းအရာများ ဖြန့်ချိ ထုတ်ဝေသည်ဟု စွပ်စွဲပြီး တာလီဘန် ထောက်လှမ်းရေးဘက်က တယ်လီဖုန်း၊ စာမက်ဆေ့ချ်တို့ဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံရှိ အဓိကရုံးကို ပိတ်သိမ်းလိုက်ရပြီဖြစ်ကြောင်း Jomhor သတင်းအေဂျင်စီက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

အာဖဂန်နစ္စတန်တွင် လက်ရှိစီမံအုပ်ချုပ်နေသည့် ခေါင်းဆောင်များအပေါ် ဝေဖန်သည့် အကဲဖြတ် သုံးသပ်ချက်များ၊ ဆောင်းပါးများကို Jomhor သတင်းဌာန၏ ဝက်ဘ်ဆိုဒ်နှင့် ဖေ့ဘွတ်ခ် စာမျက်နှာပေါ်မှ ဖယ်ရှားပေးရေး အာဏာပိုင်တို့က တောင်းဆိုခဲ့ကြောင်း သတင်းအေဂျင်စီက ထုတ်ပြန်သည်။

နိုင်ငံတွင် ၁၃ နှစ်ကြာ လုပ်ငန်းများ လည်ပတ်ခဲ့ပြီးနောက် ယခုအခါ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ရသည့်အတွက် ကဘူးလ်မြို့ရှိ ရုံးကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ရကြောင်း Jomhor သတင်းအေဂျင်စီက ပြောသည်။

လွတ်လပ်သော ဥရောပအသံ ရေဒီယို/လွတ်လပ်သော ရေဒီယို (RFE/RL) ၏ အာဖဂန်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် အဇာဒီ ရေဒီယိုနှင့် ဗွီအိုအေ (VOA) တို့၏ FM ရေဒီယို ထုတ်လွှင့်မှုများကို ဒီဇင်ဘာ ၂ ရက်က တာလီဘန်အာဏာပိုင်တို့က ရပ်ဆိုင်းခဲ့ပြီး ထိုလုပ်ငန်းများသည် သတင်းစာပညာ စံသတ်မှတ်ချက်များကို လိုက်နာခြင်း မရှိဘဲ တစ်ဖက်သက် ထုတ်လွှင့်မှုများ လုပ်ဆောင်ခြင်းကြောင့် ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း တာလီဘန်တို့က အကြောင်းပြချက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly