ပါကစ္စတန် ဖက်ဒရယ်အစိုးရအဖွဲ့သည် Reko Diq သတ္တုတွင်း သဘောတူညီချက်ကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ လက်မှတ်ထိုးခြင်းကို ဆက်လုပ်စေရန် ခွင့်ပြုပေးခဲ့ပြီးနောက် နိုင်ငံ၏ အာဏာရညွန့်ပေါင်းအုပ်စုအကြား အမြင်သဘောကွဲလွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ပါကစ္စတန်အစိုးရအဖွဲ့သည် ဘာလိုချီစတန်ပြည်နယ် ချာဂိုင်းခရိုင်ရှိ Reko Diq ကြေးနီ-ရွှေ စီမံကိန်းနှင့်ပတ်သက်ပြီး စေ့စပ်ပြည့်စုံသော ဆွေးနွေးပွဲတစ်ခုကို လုပ်ဆောင်ခဲ့သည်။
ယခု စီမံကိန်းကိစ္စနှင့်ပတ်သက်ပြီး အတွင်းရေးကို မိမိတို့ မသိခဲ့ရဟု ဂျမက် အူလီမာ-အီ-အစ္စလမ် (JUI-F) ပါတီနှင့် ဘာလိုချီစတန် အမျိုးသားပါတီ- မန်ဂဲလ် (BNP-M) တို့၏ အဖွဲ့ဝင်များက စောဒကတက်ခဲ့ကြသည်။
သို့သော် JUI-F နှင့် BNP-M ပါတီဝင်များဘက်က ယခုကိစ္စအပေါ် သံသယများရှိနေခြင်းက ကျိုးကြောင်း ညီညွတ်ကြောင်းနှင့် အဆိုပါသံသယများကို ပြေလည်အောင် ရှင်းပေးသွားမည် ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက အခိုင်အမာ ပြောသည်။
ယခု Reko Diq ကြေးနီ-ရွှေ စီမံကိန်းအပါအဝင် နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအားလုံးတွင် ရင်းနှီး မြှုပ်နှံသူများ၏ ရပိုင်ခွင့်များကို ပါကစ္စတန်အစိုးရဘက်က အသေအချာ ကာကွယ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ပေးထားသည့် ကတိကဝတ်အားလုံးကို ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။