ပါကစ္စတန်နိုင်ငံ၌ ပျောက်ဆုံးနေသူများအရေးဆိုင်ရာ ကော်မရှင်၏ ဒီဇင်ဘာ ၈ ရက်က နိုင်ငံတော် တရားရုံးချုပ်သို့ အစီရင်ခံစာတစ်ရပ် တင်သွင်းခဲ့ရာတွင် နိုင်ငံ၌ လူပျောက် ကြေညာခံထားရသူ ၉၇၄ ဦးသည် ထိန်းသိမ်းရေးစခန်းများတွင် ရှိနေပြီး အခြားသော ပျောက်ဆုံးနေသူ ၆၁၆ ဦးသည် အကျဉ်းထောင်များတွင် ရှိနေသည်ဟု ထုတ်ဖော်ခဲ့သည်။
အဆိုပါ အစီရင်ခံစာအရ နိုဝင်ဘာလအတွင်း ပျောက်ဆုံးနေသူ ၈၁ ဦးသည် ၎င်းတို့၏ နေအိမ်များကို ပြန်လည် ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ကော်မရှင်သည် လူပျောက်တိုင်ကြားချက်စုစုပေါင်း ၉၁၃၃ စောင်အထိ လက်ခံရရှိခဲ့ရာတွင် အဆိုပါ တိုင်ကြားချက်များအနက် ၅၅၇၄ စောင်ကို ခြေရာခံစုံစမ်းခဲ့ကြောင်းနှင့် လူ ၃၇၄၃ ဦးသည် နေအိမ်များသို့ ပြန်ရောက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့ပြင် ပျောက်ဆုံးနေသူများ၏ အလောင်း ၂၄၁ လောင်းကို ရှာတွေ့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ပျောက်ဆုံးနေသူများဆိုင်ရာ အမှုဖြစ်စဉ် ၆၉၂၆ ခုကို ကိုင်တွယ်ဖြေရှင်းထားခဲ့ကြောင်းနှင့် အမှုဖြစ်စဉ် ၂၂၀၇ ခုကို နိုဝင်ဘာ ၃၀ ရက်မှစ၍ ဆိုင်းငံ့ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ကော်မရှင်သည် နိုဝင်ဘာလတွင် အမှုပေါင်း ၉၈ ခုကို လက်ခံရရှိခဲ့ပြီး အမှု ၁၀၁ ခုကို ရှင်းထုတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။