ကော့ကရိတ်မြို့ ဂုဏ်ထူးဆောင် လက်ဝှေ့သမားဟောင်း လက်နက်ကြီးထိမှန် သေဆုံး၊ အရပ်သား ၉ ဦး ဒဏ်ရာရ

ကော့ကရိတ်မြို့ ဂုဏ်ထူးဆောင် လက်ဝှေ့သမားဟောင်း လက်နက်ကြီးထိမှန် သေဆုံး၊ အရပ်သား ၉ ဦး ဒဏ်ရာရ

နောင်နောင် (မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကိုယ်စားပြု ဂုဏ်ထူးဆောာင် လက်ဝှေ့သမားဟောင်း ဦးဖိုးစနေသည် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီးထိမှန် သေဆုံးသွားကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။

“ကျည်ဆန်က ဘယ်ဘက်ဒူးခေါင်း အတွင်းဘက်နေဝင်ပြီး အပြင်ဘက်ကို ဖောက်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး‌ သေဆုံးသွားတာပါ၊ အဲဒီမှာ ယာဉ်အသွားအလာမရှိတော့ သွေးထွက်ဒဏ်ရာနဲ့ လဲကျနေတာကို ဘယ်သူမှ မသိဘူး” ဒေသတွင်း လူမှုကူညီကယ်ရေး အသင်းတစ်ခုက မဇ္ဈိမကို ပြောသည်။

လက်နက်ကြီး ကျည်ဆန် ထိမှန်ထားသော ဦးဖိုးစနေကို လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၅၀ ကျော်အရွယ် ဦးဖိုးစနေသည် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်အကြာကတည်းက လက်ဝှေ့လောကမှ အနားယူကာ ကရင်နှစ်သစ်ကူးပွဲများတွင် လက်ဝှေ့ဒိုင်အဖြစ် လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကရင်နှစ်သစ်ကူးဆိုရင် ဒိုင်အမြဲတမ်းလုပ်ပေးတယ်၊ လက်ဝှေ့ကျင်းပရေး ကော်မတီမှာလည်း နှစ်တိုင်းပါတယ်၊ ကော့ကရိတ် လက်ဝှေ့သမား ဖိုးစနေဆို မသိတဲ့လူ မရှိဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လက်ရှိမှာ ကော့ကရိတ်မြို့ အမြောက်တပ်နှင့် (၉၇) တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးများထိမှန်ပြီး နောက်ထပ် အရပ်သား ကိုးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက် စစ်မှုထမ်းဟောင်း အိမ်ယာတွင် လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲရာ အရပ်သား ခုနစ်ဦး ထိခိုက်သွားပြီး မြေစာရှင်းရုံး အရှေ့ဘက်၌ နှစ်လုံးကျရောက်ပေါက်ကွဲမှုတွင် နှစ်ဦးထိခိုက်သွားခြင်း ဖြစ်သည်။

အဆိုပါ ထိခိုက်ဒဏ်ရာများ ရရှိသွားသူများအနက် ဒဏ်ရာပြင်းထန်သူ ငါးဦးကို ကော့ကရိတ်ဆေးရုံမှ ဘားအံဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးဘေးရှိ ကော့နွဲ၊ တမိုင်ကုန်းနှင့် ရန်ကုတ်နောင်နိုင်း ကျေးရွာဘက်တွင် KNLA တပ်ရင်း (၁၇) ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းသည်။

ကော့နွဲ့ကျေးရွာနှင့် တမိုင်ကုန်း ကျေးရွာဘက်ကို ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ် တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“နိမ့်နိမ့်လေးလာပစ်တာ၊ ပြန်ပစ်တာတာ ထိသွားတာဖြစ်မယ်၊ ချက်ချင်း ပြန်တက်သွားတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က စတင်ကာ နှစ်ဘက်က တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ယာယီဒုတပ်ရင်းမှူး အပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required