ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အရေးပါသောခြေလှမ်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အရေးပါသောခြေလှမ်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မဇ္ဈိမ။ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အရေးပါသောခြေလှမ်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလက်ကင်က ပြောသည်။

"ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် - ၂၆၆၉ ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါသည်။ ဤဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင် အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများ တိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်" ဟု အန်တိုနီဘလက်ကင်က ပြောသည်။

ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများကို ပြန်လွှတ်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အကန့်အသတ် အထိန်းအချုပ်မရှိ ခွင့်ပြုရန်၊ လူနည်းစုအသိုက်အဝန်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဒီမိုကရေစီ လိုလားတောင့်တမှုကို လေးစားရန် စစ်အာဏာရှင် အဖွဲ့အစည်းကို နိုင်ငံတကာ အသိုက်အဝန်းက အလေးအနက် ပေးပို့သည့် သတင်းစကားဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချီးကျူးသော်လည်း တရားမျှတသည့် ဖြေရှင်းမှုတစ်ခုပေါ်ပေါက်ရန် ဆက်လက် ဆောင်ရွက်နိုင်သည့် အရာများစွာ ရှိသေးကြောင်း ဘလက်ကင်က ဆိုသည်။

"လုံခြုံရေးကောင်စီအနေဖြင့် ယခုအခွင့်အရေးကိုအသုံးချပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် အခြားနည်းလမ်းသစ်များရှာဖွေရေး၊ အာဏာရှင်အဖွဲ့အစည်း၏ လုပ်ရပ်များအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေရေး နှင့် ဘုံသဘောတူညီချက်(၅)ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် အားထုတ်လျက်ရှိသည့် အာဆီယံအဖွဲ့အစည်းကို အားပေးထောက်ခံရေးတို့ကို ဆောင်ရွက်သင့်ပါသည်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က ဖမ်းဆီးထားသူများ အမြန်ဆုံးလွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရန် ပါဝင်သော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မှာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မူကြမ်းကို ဗြိတိန်နိုင်ငံက တင်သွင်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ အိန္ဒိယ၊ ဘရာဇီး၊ အယ်ဘေးနီးယား၊ ဂါဘွန်၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေ၊ ယူအေအီး၊ ဂါနာ အစရှိသည့် နိုင်ငံများက ဆုံးဖြတ်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required