စမ်းချောင်း ဝေဠုဝန်မြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

စမ်းချောင်း ဝေဠုဝန်မြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း သိရသည်။

“အဲဒီလူက(အုပ်ချုပ်ရေးမှူး) ဘယ်သူ့မှမကြောက်ဘူးဆိုပြီး ကြွေးကြော်ထားတာ။ ရဲတွေကအစ သူ နာမည်ကြီးနေတယ်ဆိုတာ သိတယ်။ နာမည်ကြီးသွားတော့ အခု နာရေးဆိုင်းဘုတ်ထောင်ရတော့မယ်။ သူက ဒေသခံတွေနဲ့လည်းမတည့်ဘူး။ အကုန်လုံးနဲ့ပြဿနာရှိတယ်။ သူနဲ့သူ့တပည့် ပစ်ခံရတာ။ သူက တော့ ပွဲချင်းပြီးသေသွားတယ်” ဟု ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်မှာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး ၎င်းနှင့်အတူပါလာသောအမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ပို့ဆောင်ထားရ ကြောင်း လူမှုကူညီကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“စပစ်ခံရထဲက အုပ်ချုပ်ရေးမှူးက ပွဲချင်းပြီးသေ‌သလို နောက်‌တစ်ယောက်ကလည်း ဟစိ ဟစိဖြစ်နေပြီ။ ခေါ်လို့လည်းမရတော့ဘူး။ သူ့ကိုယ်လည်းဆွဲတင်သွားရတာ။ အခုသေသွားပြီလို့ ပြောနေကြတယ်။ ဆေးရုံကတော့ အလောင်းမထုတ်ပေးသေးဘူးတဲ့။ သူ့မိသားစုဝင်တွေလိုက်သွားကြတယ်” ဟု ဒေသခံ တစ်ဦးကပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှာ Time City အနီး၊ သဇင်လမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်ဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ထိုလမ်းအတွင်းသို့ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required