ပလမြို့ရဲစခန်း PDF တွေ တိုက်ခိုက်

ပလမြို့ရဲစခန်း PDF တွေ တိုက်ခိုက်

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပလမြို့ရဲစခန်းကုန်းကနေ တိုရွာဖက်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ကစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့၍ လက်တုံ့ပြန် ဝင်ရောက်တိုက်ခဲ့တာဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

မြိတ်ခရိုင် တပ်ရင်း (၁) မှ ပြန်ကြားရေး တာဝန်ခံက "တိုက်ပွဲ ဖြစ်တာက နေ့လယ်လောက်က ဖြစ်တာ။ မနက်က ပြည်သူထိခိုက်တော့ မခံရပ်နိုင်လို့ ပြန်သွားပစ်တာပါ၊ ကျနော်တို့ဘက် အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ပါပြီ။ သူတို့ဘက်တော့ သုံးဦးကျတယ်"ဟု ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ၌ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရကာ ရဲစခန်းသို့ PDF အဖွဲ့က ပြန်လည် သွားရောက် ပစ်ခတ်ချိန်တွင် စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ထံမှ သိရသည်။

“ပစ်ခတ်နေတဲ့ အသံတွေက ဆူညံနေတယ်၊ ရွာခံတွေလည်း ရွာတွေဘက် ထွက်ပြေးလာနေကြတယ်၊ ရွာထဲမှာလည်း လူတွေ သိပ်ပြီး မနေရဘူး ဖြစ်နေတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပလမြို့ရဲစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ပြည်သူ့ ကာကွယ်ရေးတပ်များက ဝင်ရောက် ပစ်ခတ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly