အာဖဂန်နစ္စတန်တွင် အိမ်ထောင်စုအများအပြား ရေရှားပါးမှုကို ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်တွင် အိမ်ထောင်စုအများအပြား ရေရှားပါးမှုကို ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် အိမ်ထောင်စု ၇၉ ရာခိုင်နှုန်းခန့်သည် ရေရှားပါးမှုကို အကြီးအကျယ် ကြုံတွေ့နေရပြီး ၎င်းတို့အတွက် သန့်ရှင်းပြီး ဘေးကင်းစိတ်ချရသည့် ရေကို အသုံးပြုနိုင်ရေးက ခက်ခဲလျက် ရှိကြောင်း ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ စစ်တမ်းတစ်ရပ်ကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

ထိုနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း မိုးခေါင်မှုနှင့် အခြားသော ပြဿနာများကြောင့် ရေရှားပါးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

“ရေရှားပါးမှု ပြဿနာက ကြီးလေးပါတယ်။ အာဖဂန်နစ္စတန်မှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ယူနီဆက်ဖ် အနေနဲ့ အကူအညီပေးသွားပါမယ်။ နောက်နှစ်မှာ လူ ၉ သန်းအတွက် သန့်ရှင်းပြီး ဘေးကင်းတဲ့ ရေရရှိစေဖို့က မိမိတို့အဖွဲ့ရဲ့ အဓိက ဦးစားပေးဖြစ်ပါတယ်” ဟု ယူနီဆက်ဖ် အာဖဂန်နစ္စတန်၏ ပြောရေးဆိုခွင့်ရှိသူ ဆယ်လမ် အယ်လ်-ဂျနာဘီက ပြောကြောင်း Khaama Press က ဖော်ပြသည်။

နိုင်ငံတွင် ရေရှားပါးမှုနှင့်ပတ်သက်ပြီး အာဖဂန်အိမ်ထောင်စုများက စိုးရိမ်ပူပန်လျက် ရှိသည်။ ရေ ပမာဏက စိုးရိမ်ဖွယ်ရာ ကျဆင်းနေခဲ့ပြီး ရေတွင်းအများစုသည် ရေခန်းခြောက်နေသည့်အတွက် မိမိတို့အနေဖြင့် သန့်ရှင်းသော ရေ ဖြည့်ဆည်းထောက်ပံ့နိုင်ရေး အခက်အခဲနှင့် ကြုံနေရကြောင်း ကဘူးလ်ဒေသခံတချို့က ပြောသည်။

ခက်ခဲသော စီးပွားရေးအခြေအနေများနှင့် ရင်ဆိုင်နေရသည့် သာမန်ပြည်သူတို့အနေဖြင့် လက်ရှိအချိန်တွင် မိုးခေါင်မှုနှင့် ရေရှားပါးမှုက နောက်ထပ်အခက်အခဲပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly