ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေ

By Always First
21 December 2022
ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်နေ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်သည့် လုပ်ရပ်များ ဖြစ်ပွားမှုက မြင့်တက်နေပြီး ၂၀၂၁ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုများက ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသမီးများ၏ ဂုဏ်သိက္ခာဆိုင်ရာ ပန်ဂျပ်ကော်မရှင် (PCSW) ၏ အမျိုးသား၊ အမျိုးသမီး တန်းတူရည်တူဖြစ်မှု ဆိုင်ရာ အစီရင်ခံစာတစ်ရပ်က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ဖော်သည်။

ပန်ဂျပ်ပြည်နယ်၌ အမျိုးသမီးများ ပြန်ပေးဆွဲခံရမှု ဖြစ်စဉ်များတွင် ၂၅ ရာခိုင်နှုန်း၊ အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်စဉ်များတွင် ၄၇ ရာခိုင်နှုန်း၊ အက်ဆစ်ဖြင့် ပက်သည့် ဖြစ်စဉ်များတွင် ၁၈ ရာခိုင်နှုန်းနှင့် မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုဖြစ်စဉ်များတွင် ၁၇ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး မြင့်တက် ခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း News International က ဖော်ပြသည်။

အဆိုပါပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်သူများ အမှုမှ တရားသေလွတ်မြောက်မှုနှုန်းက ၉၅ ရာခိုင်နှုန်းအထိ ရှိသည်။ ပန်ဂျပ်ပြည်နယ် ဘေးကင်းသော မြို့များဆိုင်ရာ အာဏာပိုင်အဖွဲ့ (PSCA) ၏ အမျိုးသမီး များ ဘေးကင်းလုံခြုံမှုရှိစေရေး အက်ပလီကေးရှင်းကို ယေဘုယျ ပုံမှန်အသုံးပြုသူဦးရေက ၂၆၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်တွင် အမျိုးသားဦးရေ ၆၀ ဒသမ ၈ သန်းနှင့် အမျိုးသမီးဦးရေ ၅၉ ဒသမ ၂ သန်း နေထိုင်လျက် ရှိသည်။ မိုဘိုင်းဖုန်း ပိုင်ဆိုင်နိုင်မှုအပိုင်းတွင် အမျိုးသားများက အမျိုးသမီးများထက် ပိုများပြားပြီး ရာခိုင်နှုန်းနှိုင်းယှဉ်ချက်က ၆၄ ဒသမ ၃ ရာခိုင်နှုန်း - ၂၅ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်မှုအပိုင်းတွင်လည်း အမျိုးသားများက အမျိုးသမီးများထက် ပိုများပြီး ရာခိုင်နှုန်း နှိုင်းယှဉ်ချက်က ၂၄ ရာခိုင်နှုန်း-၁၅ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည်။

ပြည်နယ်တွင် ကလေးမွေးဖွားမှုအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်က ၁ ဒသမ ၃၂ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၇ သန်းကို မြင့်တက်ခဲ့သည်။ အလားတူ လူသေဆုံးမှုအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်က ၅၄၀၆၈၁ ဦးမှ ၂၀၂၁ ခုနှစ်တွင် ၅၇၇၆၂၉ ဦးကို မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly