ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် အာဟာရ ချို့တဲ့မှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုက အာဏာပိုင်တို့အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာ

By Devdiscourse
21 December 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် အာဟာရ ချို့တဲ့မှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုက အာဏာပိုင်တို့အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ရေကြီးမှုများ ဖြစ်ပြီးနောက် အာဟာရ ချို့တဲ့မှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုက အာဏာပိုင်တို့အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ ဆယ်စုနှစ်များစွာအတွင်း ပြင်ပမှ အကြိမ်ကြိမ် ကြားဝင်ကူညီပေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဆင်းဒ်ပြည်နယ်၌ ထိုကဲ့သို့ စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ (အီးယူ) ၏ ဆင်းဒ်ပြည်နယ် အစာအာဟာရ တိုးတက်ရေးဆိုင်ရာ အစီအစဉ် (PINS) ကို ပြန်လည်သုံးသပ်ရန် ဒီဇင်ဘာ ၇ ရက်က ပြည်တွင်းဟိုတယ်တစ်ခု၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် အထက်ပါ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

အီးယူနှင့် ဆင်းဒ်ပြည်နယ်အစိုးရတို့သည် ပြည်နယ်၌ ရွေးချယ်သတ်မှတ်ထားသည့် ခရိုင် ၈ ခုတွင် အာဟာရ ချို့တဲ့မှုကို ၂၀၂၁ ခုနှစ် မတိုင်မီ ၄၈ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ လျော့ကျစေရေး ရည်ရွယ်ချက်ဖြင့် PINS ကို ၂၀၁၈ ခုနှစ် အစောပိုင်းက ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအစီအစဉ်သည် ယခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

ဆင်းဒ်ပြည်နယ်ရှိ အသက်ငယ်ရွယ်သည့် ကလေးမိခင်များနှင့် ကလေးငယ်များကို အရေးတကြီးလိုအပ်သော အကူအညီများ ထောက်ကူပေးအပ်ခြင်းအတွက် PINS အစီအစဉ်နှင့် ဆက်နွယ်ပတ်သက်သည့် အစိုးရ အရာရှိများ အပြင် အီးယူနှင့် Action Against Hunger (AAH) အဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှုများကို ဆင်းဒ်ပြည်နယ် ကျန်းမာရေးဝန်ကြီး အက်ဇ်ရာ ဖာဇဲလ် ပက်ယူဟိုက အခမ်းအနား၌ မိန့်ခွန်းပြောစဉ် ချီးကျူးပြောကြားခဲ့သည်။

“ဒါက ပြည်နယ်မှာ ဆယ်စုနှစ်များစွာကြာ ဖိစီးနေတဲ့ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ ဆင်းရဲဒုက္ခတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေတဲ့ အရေးပါတဲ့ အချက်ဖြစ်ပါတယ်” ဟု သူမက မှတ်ချက်ပြု သည်။ သို့သော် ယခုနှစ်၏ မကြုံစဖူးသော ရေကြီးမှုများနှင့်အတူ စိုးရိမ်ဖွယ်ရာ ဆင်းရဲမွဲတေမှုနှင့် အာဟာရ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်သည့် စိန်ခေါ်မှုများကို အချိန်နှင့်တပြေးညီ ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ ပျက်ကွက်မှု ကြောင့် ပိုမို ကြီးမားသော အကျပ်အတည်းတစ်ခုသို့ ရောက်ရှိစေခဲ့သည်ဟု သူမက ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly