နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဒီဇင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဒီဇင်ဘာ ၂၀၂၂) 

ဒီဇင်ဘာလ ၂၁ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ရန်ကုန် - ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး အရပ်သားထိခိုက်မည့် အခြေ အနေရှိပါက စစ်ကောင်စီကို တိုက်ခိုက်မည့် အစီအစဉ်များစွာကို ပယ်ဖျက်ခဲ့ဖူးကြောင်း NUG က ထုတ်ပြန်သည်။ 

  • အမာခံသတင်းပေးပို့သူ ဖရဲသီးများကို သတင်းအချက်အလက်ပေါ် မူတည်ပြီး ချီးမြှင့်ငွေပေးမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း CDM ဝန်ထမ်းများကို တစ်ဦးလျှင် ကျပ်ငွေ ၅၀,၀၀၀ (ငါးသောင်း) နှုန်းဖြင့် ဝန်ထမ်းရေးရာဌာနမှ ချီးမြှင့်ခဲ့ကြောင်း ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများကို ဖယ်ထားပြီး အကြမ်း ဖက်စစ်ကောင်စီနှင့်သာ တစ်ဖက်သတ် ဆွေးနွေးမှုများ ပြုလုပ်မည်ဆိုပါက မြန်မာအရေးက ပြေလည်စရာ မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၏ ပြောဆိုချက်ကို ကိုးကားပြီး  BBC သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် အလင်းသစ် ပြည်သူ့ကျောင်းတွင် ဒီဇင်ဘာ ၁၇ ရက်က ပညာရေးစုံညီပွဲ ကျင်းပနိုင်ခဲ့ပြီး ကျောင်းအတွက် စားနပ်ရိက္ခာ နှင့် ဆရာ၊ ဆရာမ လိုအပ်ချက်အတွက် အခက်အခဲများ ရှိနေသည်ဟု CDM ဆရာမများက ပြောသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 
 

  • နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ V4 လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်က ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များ နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များအကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူများ နှင့် ဒေသကာကွယ်ရေးတပ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး နှင့် ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ဒီဇင်ဘာ ၂၁ ရက်၊ နံနက် အစောပိုင်းက စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက်ပြေးနေရပြီး အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်သည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာမှ နေအိမ် ၄၁ လုံးနှင့် စပါးကျည် ၃၀ ကို အင်အား ၁၀၀ ကျော်ခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒီဇင်ဘာ ၂၀ ရက်တွင် မီးရှို့ဖျက်ဆီး သွားကြောင်း Indaw Revolution – IR ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဒီဇင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က စျေးဝယ်ထွက် လာသည့် ရဲ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေးသွားကြောင်း  Special Forces-11 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘော ၂ စီးကို ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်က PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bo Tiger ဗိုလ်ကျား ကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ကျေးရွာပေါင်း ၁၃ ရွာမှ နေအိမ် ၅၉၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်းရှိ ဇီးပင်သာရွာအား စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းမီးရှို့နေစဉ် ဆဋ္ဌမတန်း ကျောင်းသား ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက် Hyenas Survey Corps (HSC) မဟာမိတ်အဖွဲ့သည် လက်နက်တပ်ဆင်မှုတွင် အခက်အခဲများစွာရှိနေခြင်း၊ စစ်အသုံးအဆောင်ပစ္စည်းများ များစွာ လိုအပ်နေခြင်းတို့ ရှိနေကြောင်း အဆိုပါအဖွဲ့က အကူအညီတောင်းခံထားသည်။ 

  • နည်းပညာ စိတ်ဝင်စားသည့် လူငယ်များအား စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နည်းပညာ နှင့် ဒရုန်းတပ်ရင်း၌ တာဝန်ထမ်းဆောင်ရန် ခေါ်ယူလျှက်ရှိကြောင်း အဆိုပါတပ်ဖွဲ့က ကြေညာထားသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာ နှင့် မင်းကုန်းရွာကြားတွင် ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ၆ နာရီခန့်က အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်သားများ လိုက်ပါစီးနင်းလာသည့် မော်တော် ယာဉ်တစ်စီးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကြာညှပ်) ထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်တွင် စစ်ကောင်စီအလိုကျဆောင်ရွက်လျက်ရှိသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အားလုံး နုတ်ထွက်ကြရန် ကျောက်ဆည်ခရိုင်အခြေစိုက် ပြည်သူ့တော်လှန်ရေးအင်အားစု (ကျောက်ဆည်) အဖွဲ့က ဒီဇင်ဘာ ၂၀ ရက်က သတိပေးကြေညာ ထားသည်။ 

  • မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက ပြည်ခိုင်ဖြိုး ပါတီ၀င် အမာခံ အမျိုးသားတစ်ဦး နှင့် လူငယ်တစ်ဦးတို့ ကွမ်းယာဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။ 

  • အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု (Central Revolutionary Coalition - CRC) တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ စစ်ကောင်စီ တပ်သားများကို Myaing Villages Revolution Front - MVRF တပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၆ နာရီကျော်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြိုနယ်၊ ကမ္မမြို့၊ ပခုက္ကူ-ပေါက် ကားလမ်းမဘေး၊ ကမ္မနယ်မြေရဲစခန်းရှေ့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲဝင်အချိုကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က PDF များက သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းထွန်းနိုင်ကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၂၀ ရက်က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှသိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒတ်ကျေးရွာအုပ်စု၊ ရေပူရွာရှိ ပြည်သူ့နေအိမ် ၁၀ လုံးကျော်ကို ဒီဇင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများ ခိုးယူ သွားကြောင်း ဒေသသတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာန တွင် ဖော်ပြထားသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် ကင်းလှည့်ပြီးပြန်လာသည့် စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ ဒီဇင်ဘာ ၁၉ ရက်၊ ည ၉ နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရေးမြို့ အခြေပြုတပ်ရင်း တပ်မ(၁၉) ဂိတ်၀ကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်က ရာမည ပြောက်ကျားတပ်ဖွဲ့ (R.G.F) မှ လက်ပစ်ဗုံးဖြင့် သွားရောက် ပစ် ခတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်ပြည်နယ် KNU/KNLA တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက် စစ်သား ၂၁ ဦး သေဆုံးကာ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော် သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမပေါ်တွင် ယမန်နေ့ ည ၇ နာရီခန့်က စစ်ကောင်စီတပ် နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။ 

  • လွိုင်ကော်မြို့အခြေစိုက် ဆေးတပ် (တဆရ) တပ်မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။ 

  • ကရင်နီ(ကယား)ပြည်နယ် သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ဆိုးတရှားမြို့နယ် တောင်ဘက်ခြမ်းအတွင်း သွားလာခြင်းမပြုရန် ကရင်နီတပ်မတော် (KA) က ထုတ်ပြန်သည်။ 

 

စစ်ကောင်စီ 

  • မော်လမြိုင်လေဆိပ်အား အဆင့်မီလေယာဉ်ကွင်းတစ်ခုအဖြစ်တည်ဆောက်မည်ဖြစ်၍​ နေရာ​သစ်​ပြောင်းမည်ဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်က မော်လမြိုင် လေဆိပ်အား ကြည့်ရှုစစ်ဆေးစဉ် ပြောသည်။ 

  • အပြစ်ရှိသူကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်နှင့် အပြစ်မရှိသူကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လိုကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၂၀ ရက်က မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။ 

  • ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စီးပွားရေး တိုးတက်မှု ၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်း ထားသည်ဟု စစ်ကောင်စီ ခန့် စီမံကိန်း နှင့် ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၂၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေး နှင့် ဗဟိုဘဏ် ဒုတိယအကြီး အကဲများ အစည်းအဝေးတွင် ပြောသည်။ 

  • ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် အသွားအပြန် ခရီးစဉ်ကို ဒီဇင်ဘာ ၂၂ ရက် (ကရင်နှစ်သစ်ကူးနေ့)က စတင်ပြီး RBE ရထားများ နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ မီးရထားက သိရသည်။ 

  • ပုဂ္ဂလိကရုပ်သံများ နှင့် FM ကုမ္ပဏီများကို မီတာခအမြန်ဆုံး ပေးဆောင်ရန် အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြောင်း အမည်မဖော်လိုသည့် ရုပ်သံလွှင့်ဌာနတစ်ခုက မဇ္ဈိမကို ပြော သည်။ 

  • ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအနီး သေဆုံးနေသည့် ဘင်္ဂါလီ(၁၃)ဦးကို လာရောက်စွန့်ပစ်ခြင်းအပါအဝင် ဘင်္ဂါလီ(၂၅ဝ)ကျော်ကို မလေးရှားသို့ တရားမဝင် ပို့ဆောင်ခဲ့သူ (၁၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

  • နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုမှတစ်ဆင့် နှစ်ပါတီချင်းဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒု-ဥက္ကဋ္ဌတို့ ဒီဇင်ဘာ ၂၀ ရက်က ကြံ့ဖွတ်ပါတီဌာနချုပ်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်းအတွင်း မြို့နယ်များတွင် ကြံ့ဖွတ် ပါတီဝင် နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများအဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုများသည် ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ၏ အကြံပြုချက် အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီ သတင်းရပ်ကွက်ထံမှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အိမ်တိုင်း နှင့် လူတိုင်းတွင် မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း ရှိ ရမည်ဖြစ်ပြီး မရှိသူများအနေဖြင့် ချက်ချင်း လုပ်ထားရန်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်းမရှိလျှင် ထောင် ၆ လ ချမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူး အသစ်များက ခြိမ်းခြောက်နေကြောင်း‌ ဒေသခံ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

 

ဒီဇင်ဘာ ၂၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီကို ခုခံတော်လှန်ရာတွင် သတင်းကြိုတင်လက်ဦးမှု ရရှိရေးသည်လည်း အရေးပါသည့် အတွက် သတင်းပေးသူ (ဖရဲသီး) များကို ချီးမြှင့်ငွေပေးမည်ဟု NUG ၏ ဖိတ်ခေါ်မှုကို ကြိုဆိုရမည် ဖြစ်သည်။ 

  • ရန်ကုန်တွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွတ်ပါတီ အမာခံများကို စစ်ကောင်စီက ခန့်အပ် လိုက်ခြင်းသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တစ်ရပ်လုပ်သည်ဟု သုံးသပ်ရသည်။ 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly