ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို အပြီးသတ်အမိန့်များချမှတ်

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို အပြီးသတ်အမိန့်များချမှတ်

ဒီဇင်ဘာလ ၂၁ ရက်

NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးက ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးသတ်အမိန့်များ ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ဝန်ကြီး ဦးမင်းသူအား နောက်ဆုံးအမိန့်ချရန်ကျန်သည့်၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉အတွက် ယနေ့ ထောင်ဒဏ် တစ်နှစ်ခြောက်လ ထပ်မံ ချမှတ်လိုက်ခြင်းဖြစ်ပြီး ဦးရဲမင်းကိုလည်း ပုဒ်မ ၄၀၉ ဖြင့်ပင် ​ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

ဦးမင်းသူအား ယခု အမိန့်ချလိုက်သည့်အမှုမှာ Social Media Monitoring Team အတွက် အင်တာနက်ပစ္စည်းများ ဝယ်ယူသည့်ကိစ္စနှင့် ဆက်စပ်ပြီး နိုင်ငံတော်ကနစ်နာမှုရှိသည်ဟုဆိုကာ စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်က နစ်နာမှုမရှိဟု သက်ဆိုင်ရာအဖွဲ့အစည်းက အကြောင်းပြန်ထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ အမိန့်ချခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးမင်းသူအနေဖြင့် လက်ရှိတွင် ပုဒ်မ ၁၃၀(က)ဖြင့် ထောင်ဒဏ် သုံးနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ခြေချုပ်ပုဒ်မ ၁၀၇အတွက် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပြီးဖြစ်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် ခြောက်လ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးရဲမင်းဦးအနေဖြင့် ယခင် စွဲဆိုခံထားရသည့် အမှုများအတွက် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပြီးဖြစ်​သော​ကြောင့် စုစု​ပေါင်း ​ထောင်ဒဏ် ၂၅ နှစ် ကျခံရမည်ဖြစ်​ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးအပေါ် စွပ်စွဲထားသည့် အမှုများ ပြီးပြတ်ပြီဖြစ်သည့်အတွက် နေပြည်တော်အချုပ်ထောင်မှ ရမည်းသင်းအကျဉ်းထောင်သို့ ယနေ့ ပို့ဆောင်ခံရမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ နိုင်ငံတော်သမ္မတရုံး၊ သတင်းနှင့် လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးအား နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂၁.၁၂.၂၀၂၂နေ့က ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးအောင်နိုင်ဦးသည် ပြီးခဲ့သည့် ၁၃.၁၁.၂၀၂၂နေ့ကလဲ နေပြည်တော်အချုပ်ထောင်အတွင်း အထူးတရားရုံးမှ ပျဉ်းမနားခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံထားရသူဖြစ်သည်။ ၎င်းအပြင် ဦးအောင်နိုင်ဦးအား ဝန်ထမ်းစည်းမျဉ်းဥပဒေဖြင့်လည်း အရေးယူခဲ့ကြောင်း သိရသည်။

ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ ရဲမှူးတစ်ဦးဖြစ်ပြီး ၂၀၁၆ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူချိန် နိုင်ငံတော်သမ္မတရုံး လုံခြုံရေးအရာရှိချုပ်ရုံးဌာနကြီးသို့ပြောင်းရွှေ့ခေါ်ယူခဲ့သူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလကပင် သတင်းတပ်ဖွဲ့ အရာရှိတစ်ဦးအနေဖြင့် တာဝန်ယူခဲ့သူဖြစ်ကြောင်း၊ “ကိုသားလေး”ဟု သိကြပြီး နိုင်ငံရေးအသိုင်းအဝိုင်းတွင် ခင်မင်သူများကြောင်းလည်း သိရသည်။

ဦးဂျင်မီ (ခ)ဦးကျော်မင်းယုအား ဖမ်းဆီးရမိစဉ် ဦးအောင်နိုင်ဦးနှင့် ဆက်သွယ်ပြောဆိုထားသည်များကို ဖုန်း …….၏ Appတွင် တွေ့ရှိရသဖြင့်ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ ဦးအောင်နိုင်ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သတင်းနှင့်လုံခြုံရေးဆိုင်ရာ ဌာနကြီး၊ လုံခြုံရေးဌာနတွင်ရှိနေစဉ် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly