ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဒေသခံ ၆,၀၀၀ ကျော် တိမ်းရှောင်နေရ

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဒေသခံ ၆,၀၀၀ ကျော် တိမ်းရှောင်နေရ

ဒီဇင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာသောကြောင့် ပုသိမ်-မုံရွာကားလမ်းနံဘေးရှိ ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ကျေးရွာပေါင်းစုံ သပိတ်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ဝမ်ပေါင်ကုမ္ပဏီသို့ အင်အားအများအပြားဖြင့် ချီတက်စစ်ကြောင်းထိုးလာသဖြင့် ရှောင်တိမ်းနေရခြင်းဖြစ်ကြောင်း ဆိုသည်။

မုံရွာ- ပုသိမ်လမ်းအနီးရှိကျေးရွာများဖြစ်သော အောင်မိုး၊ မြပင်စီ၊ အုံတုံပင်၊ မြရွှေစီ၊ ဘိန်းနွယ်ချောင်၊ ဂုဏ်တော၊ ဒုန်းတောနှင့် ကံကုန်းကျေးရွာတို့မှ ပြည်သူ ၆,၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီသို့ ရောက်ရှိ နေသဖြင့် ဆားလင်းကြီးမြို့နယ်နှင့်ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းတစ်လျှောက် မြန်မာဝမ်ပေါင် လမ်းဆုံ(၅/၁လမ်းဆုံ)မှ ရွှေတောင်ဦး(အကျိုးအကန်းကုန်း)အထိ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ လုံခြုံရေးရှေးရှုကာအသိပေးကြောင်း National Revolutionary Guards အဖွဲ့မှ သတိပေးထုတ်ပြန် ထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဝမ်ပေါင်ကုမ္ပဏီသို့ ရောက်ရှိခြင်းရှိမရှိကို အဆိုပါဒေသခံမှ အတည်ပြုနိုင် ခြင်းမရှိသကဲ့သို့ မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“အခုလက်ရှိအခြေအနေကတော့ ရုတ်ရုတ်ရုတ်ရုတ်ဆိုရင် ပြေးရလွှားရမလွယ်တဲ့သူတွေကတော့ ရွာခြေ ပြန်မကပ်သေးဘူးပေါ့လေ။ ပြေးနိုင်လွှားနိုင်တဲ့သူတွေကတော့ ရွာပြန်ကပ်နေကြတာပေါ့၊ ဒါပေမဲ့ ဗရုတ် ဗရက်ဆိုရင် အကုန်းလုံးက တန်းရှောင်ရမဲ့အခြေအနေရှိပါတယ်” ဟု အဆိုပါသပိတ်ဦးဆောင်သူမှ မဇ္စျိမ ကိုပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂နာရီ ၃၀ မိနစ်အချိန်ကလည်း စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ပုသိမ် - မုံရွာ လမ်းဘေးရှိ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်များမှ ဒေသခံ ၁၂,၀၀၀ ကျော် အိုးအိမ်များစွန့်ခွာ၍တိမ်းရှောင်ခဲ့ရပြီး ၎င်းတို့အထဲမှအချို့မှာ နေရပ်မပြန်နိုင် သေးဘဲ ယခု ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်ထဲတွင် ဝမ်ပေါင်နှင့်ယမ်စီ ကုမ္ပဏီများလုံခြုံရေးများ၊ ရွှေတောင်ဦး ကုန်း(အောင်ဇေယျကုန်း)အနီးရှိ အမှတ်(၂၈)ရဲတပ်ရင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလေ့ရှိပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းများလုယူလေ့ ရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း စစ်ကောင်စီတပ်များအား ရသည့်နည်းလမ်းများဖြင့် တိုက်ခိုက်လျက်ရှိနေပြီး ကျေးရွာများရှိ သပိတ်ဦးဆောင်ကော်မတီများမှလည်း နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပလျက် ရှိနေကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly