ပုသိမ်မြို့မှ ကဗျာဆရာလူဖန်ခါး ထောင်ဒဏ် ၂၈ နှစ်နှင့် ၈ လ ကျခံနေရ

ပုသိမ်မြို့မှ ကဗျာဆရာလူဖန်ခါး ထောင်ဒဏ် ၂၈ နှစ်နှင့် ၈ လ ကျခံနေရ

ဒီဇင်ဘာလ ၂၁ ရက်

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် ပုသိမ်မြို့က ကဗျာဆရာ လူဖန်ခါး(ခေါ်)ကိုထက်လင်းစိုး ပုသိမ်အကျဥ်းထောင်တွင် ထောင်ဒဏ် ၂၈ နှစ်နှင့် ရှစ်လ ကျခံနေရသည် ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့်လူဖန်ခါး(ခေါ်)ကိုထက်လင်းစိုးကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ပုသိမ်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး ပုသိမ်မြို့နယ်တရားသူကြီးက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့သည်။

ယင်းမတိုင်မီ ၂၀၂၂ ခုနှစ် အစောပိုင်းလများက ပုဒ်မ ၁၈၈၊ ပုဒ်မ ၃၃၂ ၊ပုဒ်မ ၅၀၅(က)၊ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၄ တို့အပြင် ထောင်တွင်း ဥပဒေ ၄၂ တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သေးသည်။

"လူဖန်ခါးကို ၂၀၂၁ တည်းက ဖမ်းထားပြီး ၂၀၂၂ ထဲရောက်မှ အမိန့်စချတာပါ။ ၅၀၅ (က)ကို နှစ်နှစ်၊ ပုဒ်မ ၁၈၈ ကို နှစ်လ၊ ပုဒ်မ ၃၃၂ ကို နှစ်နှစ်၊ ၅၀၅(က)ကို နှစ်နှစ်၊ ဘေးစီမံ ၂၅ ကို နှစ်နှစ်၊ ပုဒ်မ ၁၂၂ နဲ့ ၁၂၄ ကို နှစ် ၂၀ နဲ့ ထောင်တွင်း ဥပဒေ ပုဒ်မ ၄၂ ကို ခြောက်လ အမိန်ချခံထားရတယ်လို့ သိရတယ်။ ၅၀၅(က) နှစ်မှု ဖြစ်နေတယ်ဆိုတာက ထောင်ထဲကိုရောက်မှနောက်တစ်မှု ထပ်တပ်ခံရတာပါ"ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ကဗျာဆရာ လူဖန်ခါး(ခ)ကိုထက်လင်းစိုးသည် စစ်အာဏာမသိမ်းမီက ပုသိမ်မြို့တွင် ပရဟိတလုပ်ငန်း များ လုပ်ကိုင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ဆန္ဒပြပွဲမှပြန်လာသည့် လူဖန်ခါး(ခ)ကိုထက်လင်းစိုးကို ပုသိမ်မြို့ ၊မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ တိုက်ကြီးကျောင်း ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီ လက်အောက်ခံ ရဲများကဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။

"ပုသိမ်နယ်မြေရဲစခန်းက တစ်ပွင့်နဲ့ရဲတစ်ယောက်က လူဖန်ခါးကို ဆိုင်ကယ်နဲ့တိုက်ပြီး ဖမ်းသွားတာပါ။ စစ်ကြောရေးကိုခေါ်သွားပြီး ပုဒ်မတွေတပ်တယ်။ ပြီးတော့မှ ပုသိမ်ထောင်ကိုပို့လိုက်တာပါ"ဟု မိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံထားရသည့် လူဖန်ခါး(ခ)ကိုထက်လင်းစိုးသည် ပုသိမ် အကျဥ်းထောင်အတွင်း ကျန်းမာရေးကောင်းမွန်သည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်း သား ၄၀၀ ခန့်နှင့် နိုင်ငံရေး အကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly