ဗီယက်နမ်က တောင်တရုတ်ပင်လယ်တွင် ကင်းစခန်းများ တိုးချဲ့ရန် အင်တိုက်အားတိုက်လုပ်ဆောင်နေဟု အမေရိကန် အကြံပေးအဖွဲ့ပြော

ဗီယက်နမ်က တောင်တရုတ်ပင်လယ်တွင် ကင်းစခန်းများ တိုးချဲ့ရန် အင်တိုက်အားတိုက်လုပ်ဆောင်နေဟု အမေရိကန် အကြံပေးအဖွဲ့ပြော

ဗီယက်နမ်သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် တောင်တရုတ်ပင်လယ်ရှိ ကင်းစခန်းအများအပြားတွင် သောင်တူးခြင်းနှင့် မြေဖို့ခြင်းများကို အဓိက တိုးချဲ့လုပ်ဆောင်ခဲ့ပြီး အငြင်းပွားဖွယ်ရေလမ်းကြောင်းတွင် ၎င်း၏ တောင်းဆိုမှုများကို အခိုင်အမာဖြစ်စေမည့် ရည်ရွယ်ချက်ကို ပြသနေသည်ဟု အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS)၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့်တခြားနိုင်ငံများက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် စပရတ်လေကျွန်းများတွင် ဗီယက်နမ်က မြေအသစ် ၄၂၀ ဧက (၁၇၀ ဟက်တာ)ခန့် ဖန်တီးခဲ့ပြီး ပြီးခဲ့သောဆယ်စုနှစ်က ပြန်လည်တောင်းဆိုခဲ့သည့် မြေပမာဏ ၅၄၀ ဧက (၂၂၀ ဟက်တာ) အထိ ရှိလာပြီဟု CSISက ဖော်ပြခဲ့သည်။

ဗီယက်နမ်သည် မြေမျက်နှာသွင်ပြင် ၄ ဖက်တွင်မြေဖို့မှု တိုးချဲ့ခဲ့ခြင်းနှင့် တခြား နေရာ ၅ ခုတွင် သောင်တူး ခြင်းများ ပြလုပ်ခဲ့သည်ဟု ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ CSIS ၏ အာရှပင်လယ်ရေကြောင်း ပွင့်လင်း မြင်သာမှု ဆောင်ရွက်ချက် (AMTI) ဟူသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နမ်ယစ်ကျွန်း၊ ပါဆန်သန္တာကျောက်တန်းနှင့် ဆန်းကေးကျွန်းများတွင် ဗီယက်နမ်၏ အရွယ်အလတ်စား ကင်းစခန်းများသည် တိုးချဲ့မှုများလုပ်ဆောင်နေပြီး နမ်ယစ်နှင့် ပါဆန်ကျွန်းများတွင် ရေယာဉ်ကြီးများကို ဆိုက်ကပ်နိုင်သော သောင်တူးထားသည့်ဆိပ်ကမ်းမှာလည်း ရုပ်လုံးပေါ်နေပြီဖြစ်သည်။

“ဗီယက်နမ်ဟာ ၂၀၂၂ ခုနှစ်မှာ သောင်တူးတာနဲ့ မြေဖို့တာတွေကို အကြီးအကျယ်လုပ်နေခဲ့ပြီးတော့ စပရတ်လေကျွန်းက သူပိုင်တဲ့မြေတွေကို ခိုင်မာအောင်လုပ်တဲ့ ရည်ရွယ်ချက်ဆိုတာ ပြသနေပါတယ်။

“တိုးချဲ့ထားတဲ့ ကင်းစခန်းတွေမှာ ဘယ်လိုအဆောက်အအုံတွေဆောက်မလဲဆိုတာ ကြည့်ရဦးမှာပါ။ တရုတ်နဲ့ တခြားနိုင်ငံတွေက ဘယ်လောက်ထိ တုံ့ပြန်လာမလဲဆိုတာလည်း စောင့်ကြည့်ရဦးမယ်” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အများစုကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်းပြောဆိုထားပြီး ၎င်းတည်ဆောက် ထားသော ကျွန်းတုများပေါ်တွင် စစ်ကင်းစခန်းများကို တပ်စွဲထားသည်။ အရေးပါသော သင်္ဘော လမ်းကြောင်း များ ဖြတ်သန်းပြီး ဓာတ်ငွေ့တွင်းများနှင့် ငါးဖမ်းဧရိယာပေါများသော တောင်တရုတ် ပင်လယ်ပြင်ပိုင်နက် အပေါ်ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများ၏ ထပ်တူတောင်းဆိုမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly