နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း အာဖဂန်တွင် သေဒဏ်စီရင်မှုအပေါ် တာလီဘန်တို့ ကာကွယ်ပြောဆို

By Tolo News
20 December 2022
နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း အာဖဂန်တွင် သေဒဏ်စီရင်မှုအပေါ် တာလီဘန်တို့ ကာကွယ်ပြောဆို

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က မကြာသေးခင်က လူမြင်ကွင်းရှေ့ သေဒဏ်စီရင်မှု လုပ်ဆောင်ခဲ့ခြင်း အပေါ် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တာလီဘန်တို့က ခုခံကာကွယ်ပြောဆိုခဲ့သည်။

အပြစ်လုပ်ထားသူများကို ကွပ်မျက်ခြင်းက ဘုရားသခင်၏ အမိန့်တော် ဖြစ်ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သူကမှ စိုးရိမ်ပူပန်မနေသင့်ကြောင်း တာလီဘန်တို့က ပြောသည်။

နိုင်ငံအနောက်ပိုင်း ဖာရာဟ်ပြည်နယ်တွင် ဒီဇင်ဘာ ၇ ရက်က ပေါ်ပေါက်ခဲ့သည့် ထိုကွပ်မျက်မှုကို အကြိမ်ကြိမ် စုံစမ်းစစ်ဆေးမှုများ၊ အကဲဖြတ်သုံးသပ်မှုများ လုပ်ပြီးမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဘီလယ် ကာရီမီက ပြောသည်။

“စုံစမ်းစစ်ဆေးမှု အများအပြား လုပ်ပြီးမှ ဒီကွပ်မျက်မှုကို လုပ်ခဲ့တာဖြစ်တယ်။ အစ္စလမ္မစ် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်။ အားလုံးအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အလေးထား ပူပန်မနေသင့်ဘဲ ဒီအပေါ်မှာ လေးစားသင့်ပါတယ်” ဟု တာလီဘန် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ကာရီမီက ပြောသည်။

“မိမိတို့ဟာ အစ္စလမ္မစ် စနစ်တစ်ခုကို အသေအချာပေါ်ပေါက်စေဖို့ ဗာဟီရဝါဒီတွေနဲ့အတူ နှစ် ၂၀ ကြာ တိုက်ပွဲဝင်ခဲ့ကြရတယ်၊ ခုချိန်မှာ ဘုရားသခင်က ဒါကို မိမိတို့ထံ ပေးအပ်ထားပါပြီ။ ဘုရားသခင်ရဲ့ အမိန့်တော်တွေကို ငါတို့ လိုက်နာကြရမှာဖြစ်တယ်လို့ တာလီဘန် အမြင့်ဆုံးခေါင်းဆောင်က ပြောပါတယ်” ဟု တာလီဘန် အစိုးရအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မိုဟာမက် အစ္စမေးလ် ရာဟ်မာနီက ပြောသည်။

အဆိုပါနိုင်ငံတွင် လူသတ်မှုဖြင့် တရားစွဲဆိုခံခဲ့ရပြီး အမြင့်ဆုံးတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် အမျိုးသား တစ်ဦးကို လူမြင်ကွင်းရှေ့ ကွပ်မျက်ခဲ့ခြင်းကြောင့် လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားနိုင်ငံများက ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly