IFC က ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားမှုများ ရုပ်သိမ်းတော့မည်ဟုဆို

IFC က ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားမှုများ ရုပ်သိမ်းတော့မည်ဟုဆို

ဒီဇင်ဘာလ ၂၀ ရက်

ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားမှုများ ရုပ်သိမ်းတော့မည်ဟု Justice For Myanmar က ထုတ်ပြန်သည်။

အဆိုပါလုပ်ငန်းအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်၏ အတည်ပြုချက်ကို ကိုးကားပြီး Justice For Myanmar က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတာ ကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

ယင်းသို့နှုတ်ထွက်ရာတွင် IFC အနေဖြင့် တင်ကြိုဆောင်ရွက်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ တင်ကြို ကနဦးစိစစ်မှုများနှင့် ရိုးမဘဏ်နှင့် စစ်ကောင်စီတို့၏ စီးပွားရေးဆက်နွယ်မှုများကို ပွင့်လင်းမြင်သာစွာ ချပြသင့် သည်ဟု Justice For Myanmar ကဆိုသည်။

IFC မှာ ရိုးမဘဏ်၏ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး၊ ၄င်း၏ အစုရှယ်ယာအားလုံးကို First Myanmar Investment (FMI) သို့ အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း၊ ယင်းတန်ဖိုး မှာ IFC ၏ ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက်ခဲ့သော ၄င်းတို့၏ ၂၀၁၄ ခုနှစ် ချေးငွေကို ဘဏ်အစုရှယ် ယာပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရာတွင် အသုံးပြုခဲ့သည့် တန်ဖိုးနှင့် ညီမျှကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် FMI၊ Yoma Bank တို့နှင့် ရှယ်ယာရောင်းချမှုသဘောတူစာချုပ်ကို IFC က လက်မှတ်ရေးထိုးခဲ့သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်ပကုမ္ပဏီများအား စစ်အာဏာသိမ်းအုပ်စုနှင့် ၄င်း၏ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် ဆက်နွယ်နေခြင်းများကို ဖြတ်တောက်ရန် မြန်မာပြည်သူလူထု၏ ဖိအားပေး မှုများကြောင့် IFC အနေဖြင့် နှုတ်ထွက်ခြင်းဖြစ်သည်ဟု Justice For Myanmar က သုံးသပ်သည်။

ရိုးမဘဏ်သည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများ ကျုးလွန်နေကြောင်း စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်နေသည့် အထောက်အထားမှတ်တမ်းများ ရှိသည်ဟု Justice For Myanmar က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly