မြန်မာ့ပဋိပက္ခအရေးအတွက် ဒေသတွင်း အစည်းအဝေးတစ်ရပ်အား ထိုင်း ဖိတ်ခေါ် 

မြန်မာ့ပဋိပက္ခအရေးအတွက် ဒေသတွင်း အစည်းအဝေးတစ်ရပ်အား ထိုင်း ဖိတ်ခေါ် 

ဒီဇင်ဘာလ ၂၀ ရက်
 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်ရေး ရည်ရွယ်သည့် အတိုင်ပင်ခံ အစည်းအဝေးတစ်ရပ်တွင် ပါဝင်ကြရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှ စိတ်ဝင်စားသော အဖွဲ့ဝင်များကို ထိုင်းနိုင်ငံက ဖိတ်ခေါ်လျက်ရှိသည်။ 

အဆိုပါ “မြန်မာနိုင်ငံက အခြေအနေနှင့် ပတ်သက်၍ လွတ်လပ်သော အကြံပေးအတိုင်ပင်ခံ အစည်းအဝေး”ကို ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း Thai PBS ၏ တနင်္ဂနွေနေ့က ဖော်ပြသည့် သတင်းတစ်ရပ်အရ သိရသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနတွင်းက ‘သတင်းပေးရင်းမြစ်’ တစ်ရပ်ကို ကိုးကားကာ ယခု သတင်းက ဖော်ပြခြင်း ဖြစ်ပြီး အဆိုပါ အစည်းအဝေးသည် “မြန်မာနိုင်ငံ၏ လှုပ်လေမြုပ်ရေး အကျပ်အတည်းအား စိတ်ဝင်စားသူများနှင့် သက်ရောက်မှုရှိနေသူများကြား အလွတ်သဘော အမြင်ချင်း ဖလှယ်မှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံ အစပျိုးခြင်း” ဖြစ်သည်ဟု ယင်း သတင်းရင်းမြစ်က ပြောသည်။ 

အစည်းအဝေး၏ နောက်ဆုံး ပန်းတိုင်သည် “မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး နိုင်ငံများ၏ ကြိုစားအားထုတ်မှုများကို စုစည်းရန်နှင့် မြန်မာပြည်သူများ၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းနိုင်ရန်” ဖြစ်လိမ့်မည်ဟု ဖော်ပြပါသတင်းက ဆိုသည်။ 

မည်သည့်နိုင်ငံများ တက်ရောက်ကြမည်ကို သတင်းတွင်ရော သတင်းရင်းမြစ်၏ မှတ်ချက်တွင်ပါ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့သော ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက “မြန်မာ့ အကျပ်အတည်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ” သက်ရောက်မှုများ ရှိနေခြင်းအားဖြင့် အစည်းအဝေးသို့ တက်ရောက်မည်ကို အတည်ပြုထားကြကြောင်း သတင်းရင်းမြစ်ကို ကိုးကားပြီး Thai PBS က ဖော်ပြသည်။ 

သို့ရာတွင် အာဆီယံအဖွဲ့ဝင် ဘယ်နှစ်နိုင်ငံ ပူးပေါင်းပါဝင်မည်ဆိုခြင်းကို ယင်း သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်း မရှိရာ အခြားသော အာဆီယံအဖွဲ့ဝင်များလည်း တက်ရောက်နိုင်ကောင်းသည်ဟု ကောက်ချက်ချစရာ ရှိသည်။ 

ပို၍ ရှင်းလင်းသည်မှာ ယခု အစည်းအဝေးတွင် ကန့်သတ်ချက်များ ရှိနေမည် ဖြစ်သည်။ အဆင့်မြင့် အာဆီယံအစည်းအဝေးများကဲ့သို့ မဟုတ်ဘဲ စစ်အာဏာသိမ်းအုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်လည်း ပါဝင်လာမည် ဖြစ်သည်။ 

ထိုအတွက် တစ်ဖက်တွင် စစ်တပ်အုပ်ချုပ်ရေးနှင့် အခြားတစ်ဖက်တွင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )နှင့် မဟာမိတ်များကြား ရုန်းကန်လူးလွန့်နေသည့် မြန်မာနိုင်ငံက အခြေခံကျကျ နိုင်ငံရေး အကျပ်အတည်း၌ တိုးတက်မှု အနည်းငယ်သာ ယခု အစည်းအဝေးမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly