အိမ်နီးချင်းနိုင်ငံများတွင် အအေးလှိုင်းဖြတ်မှုကြောင့် မြန်မာနိုင်ငံတွင်အအေးပိုလာနေ

အိမ်နီးချင်းနိုင်ငံများတွင် အအေးလှိုင်းဖြတ်မှုကြောင့် မြန်မာနိုင်ငံတွင်အအေးပိုလာနေ

ဒီဇင်ဘာလ ၂၀ ရက်

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအိုနှင့် ဗီယက်နမ်မြောက်ပိုင်းတွင် အအေးလှိုင်းဖြတ်မှုအရှိန်ကြောင့် ဒီဇင်ဘာလ ၁၈ ရက်မှစ၍ မြန်မာနိုင်ငံတွင် ထူးခြားအအေးပိုလာနေကြောင်း နိုင်ငံတကာ၏မိုးလေဝသထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောသည်။

အဆိုပါ အအေးလှိုင်းအရှိန်ဖြင့် အရှေ့ဘက်မှ ဝင်လာမည့် လေဖိအားများရပ်ဝန်းမှ လေအေးစီးကြောင်းများကြောင့် မြန်မာနိုင်ငံ အရှေ့ခြမ်းရှိ တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ၁၁ ဒီဂရီခန့်ထိ အပူချိန်ကျနိုင်ပြီး ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နှင့် မြဝတီမြို့တို့တွင် ၁၆ ဒီဂရီနှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအရှေ့ခြမ်းတို့တွင် အအေးဓာတ် သက်ရောက်မှုများမည်ဟု ဆိုသည်။

"မြန်မာနိုင်ငံ မြောက်ဘက် အစွန်က ခါကာဘိုရာဇီတောင်ထိပ်မှာ ဒီနေ့ကစပြီး အပူချိန် အနုတ် ခုနစ်ဒီဂရီအထိ ကျလာပါပြီ။ ဒီဇင်ဘာလကုန်ပိုင်းမှာ အနုတ် ၁၇ ဒီဂရီအထိ ကျလာပါမယ်။ ဒီလ လကုန်ပိုင်းမှာ တစ်နိုင်ငံလုံး အအေးတွေ ပိုလာတော့မှာပါ။ ကမ္ဘာ့ရာသီဥတုခန့်မှန်းချက်မှာတောင် ဇန်နဝါရီ ၃ ရက်အထိပဲ ကြိုတင်ခန့်မှန်းချက် ထုတ်ပေးထားပါတယ်။ လာနီညာဆက်ဖြစ်နေတာကြောင့် ၂၀၂၃ နှစ်အစပိုင်း နှစ်လ လောက်အထိတော့ ဆက်အေးနေနိုင်ပါမယ်"ဟု မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က မဇ္စျိမကိုပြောသည်။

အအေးလှိုင်းဖြတ်မှု၏ သက်ရောက်မှုမှာ မြန်မာပြည်အရှေ့ခြမ်းကို အဓိက သတ်ရောက်မည်ဖြစ်ပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း အအေးပိုလာနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

"ဒီဘက်မှာတော့ အရမ်းအေးနေပြီ တောထဲဆိုတော့ ပိုဆိုးတာပေါ့ ။ ဒီရက်ထဲမှာ ပိုအေးလာနေတာ။ ညဘက်ဆို နဖူးနဲ့ဒူးထိအောင် ကွေးနေရတယ်။ နောက်တစ်လလောက်ကတော့ ဆက်အေးနေမယ်ထင်တယ် " ဟု ကရင်ပြည်နယ်တွင်ရှိသည့် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

လက်ရှိအချိန်ကာလအတွင်း "လာနီညာ(La Niña)" ဆက်လက်ဖြစ်ပေါ်နေပြီး ၂၀၂၃ ခုနှစ်

ဖေဖေါ်ဝါရီလ နောက်ပိုင်းတွင် အစွန်းရောက်ရာသီဥတုဖောက်ပြန်ခြင်းများ ကင်း‌ဝေးပြီး ပုံမှန်(Neutral)ရာသီဥတု ဖြစ်လာနိုင်မည်ဟုလည်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly